မုံးကိုးမြို့မှ အမျိုးသား ၁ ဦး ခြေထောက် ချိုးခံရပြီး ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့် သေဆုံး

မုံးကိုးမြို့မှ အမျိုးသား ၁ ဦး ခြေထောက် ချိုးခံရပြီး ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့် သေဆုံး

နိုဝင်ဘာ ၉

စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော်(MNDAA)တို့ အကြား တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ (၄) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးသည် ခြေထောက်ချိုးခံရပြီး သေနတ်ဖြင့် ပစ်ခတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

ပစ်သတ်ခံရသည့် အသက် ၃၀အရွယ် အမျိုးသားသည် နိုဝင်ဘာလ ၇ ရက်က နေအိမ်မှ ဆိုင်ဝမ်ရွာရှိ ပြောင်းဖူးခြံသို့ သွားရောက်ရာမှ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်ဟု မြို့ခံ တစ်ဦးက ပြောသည်။

ထို့ကြောင့် မိသားစုဝင်များက လိုက်လံရှာဖွေရာ လမ်းတွင် ဒဏ်ရာများဖြင့် ၎င်း၏ ရုပ်အလောင်းကို ယမန်နေ့ နိုဝင်ဘာလ ၈ရက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

မြို့ခံတစ်ဦးက “ပြောင်းဖူးခြံကို သွားကြည့်မယ်ဆိုပြီး ထွက်သွားတာ အိမ်ပြန်မလာတော့ မနေ့က သူ့မိသားစုတွေက သွားရှာကြည့်တာ။ လမ်းမှာ သူသေနေတဲ့အလောင်းကို တွေ့လိုက်တယ်” ဟု ပြောသည်။

ရုပ်အလောင်းတွင် ဘယ်ခြေထောက် ချိုးခံထားရပြီး လက်များတွင်လည်း ရိုက်နှက်ထားသည့်ဒဏ်ရာ ရှိနေကြောင်း၊ မည်သည့်တပ်ဖွဲ့က ပစ်ခတ်လိုက်ခြင်းဆိုသည်ကို မသိရှိကြောင်းနဲ့ ယနေ့နို၀င်ဘာလ ၉ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ကြောင်း ၎င်းက ဆိုသည်။

ယခင်အပတ်က စစ်ကောင်စီတပ်သည် အဆိုပါ ဒေသတွင် တပ်အင်အား ဖြည့်တင်းနေပြီး ဆိုင်၀မ်ရွာအနီးတစ်ဝိုက်တွင် နေထိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင့် မုံးကိုး၊ ပန်ဆိုင်းဒေသတွင် စစ်ကောင်စီနှင့် MNDAA တို့အကြား ဩဂုတ်လဆန်းမှစပြီး တိုက်ပွဲ ပြင်းထန်နေသည်ဟု ဒေသခံထံများက ပြောသည်။

ဓာတ်ပုံ-Local

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required