စစ်ကောင်စီက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၅ နှစ်နှင့် စည်ပင်ဝန်ကြီးကို ထောင်ဒဏ် နှစ် ၉၀ အမိန့်ချ

စစ်ကောင်စီက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၅ နှစ်နှင့် စည်ပင်ဝန်ကြီးကို ထောင်ဒဏ် နှစ် ၉၀ အမိန့်ချ

နိုဝင်ဘာ ၉

အာဏာသိမ်း စစ်ကောင်စီက ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၅ နှစ်နှင့် ကရင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို ထောင်ဒဏ်နှစ် ၉၀ ချလိုက်သည်။

ကရင်ပြည်နယ် တရားလွှတ်တော်က ယနေ့ နိုဝင်ဘာလ ၉ ရက်တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးဇော်မင်းလှိုင်က မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ငါးခု ခွဲကာ တရားစွဲဆိုထားခြင်း ဖြစ်ပြီး အမှုတစ်ခုကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်စီဖြင့် စုစုပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇၅ နှစ် စစ်ကောင်စီက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

အလားတူ ပြည်နယ်စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကိုလည်း အဂတိလိုက် စားမှု ဥပဒေပုဒ်မနှင့် အမှု ခြောက်ခုဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်း ဖြစ်ကာ အမှုတစ်ခုကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်စီဖြင့် စုစုပေါင်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ် ၉၀ ချမှတ်လိုက်ခြင်း ဖြစ်သည်။

“ဒေါ်နန်းခင်ထွေးမြင့်ကို စွဲထားတဲ့ အဂတိလိုက်စားမှု ပုဒ်မနဲ့ ငါးမှုကို တစ်မှုစီကို ထောင် ၁၅ နှစ်နဲ့ ဒေါ်နန်းခင်ထွေးမြင့်က စုစုပေါင်း ၇၅ နှစ်၊ စည်ပင်ဝန်ကြီး ဦးသန်းနိုင်က အဂတိလိုက်စားမှု ပုဒ်မနဲ့ စွဲထားတာ ခြောက်မှုရှိတယ်။ တစ်မှုကို ၁၅ နှစ်နဲ့ နှစ် ၉၀” ဟု တရားလွှတ်တော်ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်တို့သည် နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် မေလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံထားရပြီး အဆိုပါ ပြစ်ဒဏ်များကို ကျခံနေစဉ် အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ ဖြင့် စစ်ကောင်စီက ထပ်တိုး တရားစွဲကာ ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ယခင်ပြစ်ဒဏ်ချမှတ်ခံထားရသော ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ်ကို ထည့်ပေါင်းပါက ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ထောင်ဒဏ် ၇၇ နှစ် ချမှတ်ခံထားရခြင်းဖြစ်ပြီး စည်ပင်ဝန်ကြီး ဦးသန်းနိုင်သည် ထောင်ဒဏ် ၉၂ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။

ထိုသို့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်မှုအပေါ် ဝန်ကြီးချုပ်နှင့် စည်ပင်ဝန်ကြီးတို့ နှစ်ဦး၏ သဘောဆန္ဒအရ အထက်တရားရုံးကို အယူခံ ထပ်တက်ရန် မရှိတော့ကြောင်း ရှေ့နေက ပြောသည်။

“ကျေနပ်အားရမှု မရှိဘူး။ ဝန်ကြီးချုပ်ရော စည်ပင်ဝန်ကြီးရော ဒါနဲ့ပတ်သက်ပြီး အယူခံဝင်ဖို့ မရှိဘူး ဆိုတဲ့အကြောင်း၊ ဒါတွေနဲ့ ပတ်သက်လို့ ဒီလောက်ပဲ ပြောချင်တော့တယ်။ တရားရေး၊ ဥပဒေရေးရာနဲ့ ပတ်သက်ပြီးတော့လည်း တော်တော်လည်းကို စိတ်ဓာတ်ကျနေပါပြီ။ ဒီလောက်ပဲ ပြောပါရစေ” ဟု ဦးဇော်မင်းလှိုင်က ပြောသည်။

ဒေါ်နန်းခင်ထွေးမြင့်သည် ဝန်ကြီး တာဝန်ယူထားစဉ်က တာဝန်အရ ခရီးသွားရာတွင် ကားမတော်တဆမှု ဖြစ်ကာ သစ်ပင် ဝင်တိုက်ပြီးနောက် ခြေထောက်ကျိုးသွားသည့်အတွက် ဆေးကုသရာတွင် အစိုးရပိုင်ငွေကို သုံးစွဲခဲ့သည်ဟုဆိုသည့် အချက်အပါအဝင် တခြား အကြောင်းပြချက်များဖြင့် အာဏာသိမ်း စစ်ကောင်စီက အဂတိလိုက်စားမှု ဥပဒေပုဒ်မဖြင့် ပြီးခဲ့သည့် ဧပြီလတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ သည် အမှုတစ်ခုကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည့်အတွက် ဝန်ကြီးချုပ်နှင့် စည်ပင်ဝန်ကြီးတို့ နှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီက အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

စစ်တပ်က အရပ်သားအစိုးရထံမှ အဓမ္မ အာဏာသိမ်းယူပြီးနောက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဝန်ကြီးလေးဦးကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ဒေါ်နန်းခင်ထွေးမြင့်ကို ဖမ်းဆီးပြီး နောက်တစ်ရက် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်တပ်က ပြန်လွှတ် ပေးခဲ့သော်လည်း ရက်ပိုင်းအကြာ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ထမ်မံ ဖမ်းဆီးကာ ဘားအံအကျဉ်းထောင်တွင် ထိန်းသိမ်း ထားလိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် လက်ရှိတွင် အသက် ၆၇ နှစ် ရှိပြီဖြစ်သည်။ စည်ပင်ဝန်ကြီး ဦးသန်းနိုင်က အစောပိုင်းကာလတွင် COVID- 19 ရောဂါ ကူးစက်ခံခဲ့ရသော်လည်း လက်ရှိတွင် ၎င်းတို့ နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required