NLD ပါတီ ရပ်ကျေး ဥက္ကဌဟောင်း၏ မိတ်ဆွေဖြစ်သူအား လာရောက်ဖမ်းဆီးရာ မတွေ့၍ ဇနီးဖြစ်သူအား ဖမ်းဆီးသွား

By ဆာရှိမိ
08 November 2021
NLD ပါတီ ရပ်ကျေး ဥက္ကဌဟောင်း၏ မိတ်ဆွေဖြစ်သူအား လာရောက်ဖမ်းဆီးရာ မတွေ့၍ ဇနီးဖြစ်သူအား ဖမ်းဆီးသွား

နိုဝင်ဘာ ၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ရပ်ကျေးဥက္ကဌဟောင်း၏ မိတ်ဆွေဖြစ်သူ ဦးအောင်ကိုအား ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် စစ်ကောင်စီတပ်က လာရောက်ရှာဖွေရာ မတွေ့သဖြင့် ၎င်း၏ ဇနီးဖြစ်သူ မသင်းသင်းမြတ်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

ဦးအောင်ကိုသည် နန်းမြင့်ကျေးရွာ၏ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဌဟောင်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးစိုးဌေးအောင်၏ မိတ်ဆွေဖြစ်သည်။

ဦးစိုးဌေးအောင်သည်လည်း ယမန်နေ့ နိုဝင်ဘာလ ၇ ရက် ည‌နေ ၆ နာရီတွင် စစ်ကောင်စီ၏ အကြောင်းမဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

"သူက ရွာထဲကနေ သူ့အိမ်ကိုလမ်းလျှောက်ပြန်လာတဲ့အချိန် လမ်းမှာ စစ်ကောင်စီတပ်သားက ကိုစိုးဌေးအောင်ဆိုတာ ခင်ဗျားလားဆိုပြီး ကားပေါ်အတင်းဆွဲတင်သွားတာ တွေ့လိုက်တယ်။ အခုထိဘာကြောင့်ဖမ်းသွားလဲ၊ ဘယ်စစ်ကြောရေးခေါ်သွားလဲဆိုတာမသိရဘူး၊ ရွာခံတွေလည်း ထွက်ပြေးရှောင်နေကြတယ်"ဟု ၎င်းကပြောသည်။

ဦးစိုးဌေးအောင်အား ဖမ်းဆီးပြီးနောက် အိမ်ခြေ ၄၀၀ ကျော်ရှိသည့် နန်းမြင့်ရွာက ဒေသခံအများစုမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

၎င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီတပ်သားများမှာ နန်းမြင့်ရွာနှင့် နှစ်မိုင်ခန့်ဝေးသည့် မြင်းခြံ-တောင်သာမြို့နယ် နယ်နိမိတ်အစပ်ကြားရှိ တိုးဂိတ်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ဖြစ်ကြောင်း ဒေသခံအချို့က အဆိုသည်။

အဆိုပါနန်းမြင့်ကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လကလည်း ကျာင်းမတက်ရန် သပိတ်မှောက်သည့် ရွာသူတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်သိန်းက တိုင်ကြားသဖြင့် ၎င်းရွာသူသည် ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးခံရပြီး ထောင် နှစ်နှစ်ချမှတ်ခံလိုက်ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly