ကလေးမြို့မှ ချင်းတောင်သို့တက်လာသည့် စကစ ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ ဗုံးခွဲတိုက်ခိုက်

ကလေးမြို့မှ ချင်းတောင်သို့တက်လာသည့် စကစ ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ ဗုံးခွဲတိုက်ခိုက်

နိုဝင်ဘာ-၈

ကလေးမြို့မှ ချင်းတောင်ဘက်သို့ တက်လာသည့် စစ်ကားကြီးနှစ်စီးနှင့် ကားအသေးနှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို ယနေ့ နိုဝင်ဘာ ၈ရက် နံနက် ၁၀နာရီဝန်းကျင်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို PDF Zoland နှင့် CDM Siyin (KKG တပ်ရင်း ၂) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်ဆီးမှု အသေးစိတ်ကို မရှိရသေးကြောင်း ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU/PDF Zoland)က ထုတ်ပြန်ထားသည်။

''ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်သားများမှ ရမ်းသန်း ပစ်ခတ်မှုများ ရှိလာနိုင်သည့်အတွက် ပြည်သူများ အသွားအလာ သတိပြုကြပါရန် သတိပေးအပ်ပါသည်'' ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၅ ရက် ကလည်း တီးတိန်မြို့နယ်၊ ကနဒီတောင်ခြေတွင် PDF Zoland နှင့် CDM Siyin ပူးပေါင်းတပ်တို့ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းနိုင်ခဲ့‌ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် ပူးပေါင်းအဖွဲ့ဘက်မှ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ချင်းပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး ရှေ့တန်းထွက်နေသည့် မင်းတပ်CDF၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က "စကစတွေ အကျအဆုံးများရတာက CDF-မင်းတပ်တွေက ကြားဖြတ်တိုက်တာ၊ စကစ ယာဉ်တန်းရဲ့ နောက်ဆုံးကားကို တိုက်ခိုက်နေချိန်မှာ ယာဉ်မောင်းက ကားမောင်းပြေးတော့ ကားအောက်မှာ ဝပ်နေရာယူနေတဲ့ စစ်သားတွေက ကားနောက်ကို အူယားဖားယား ပြန်ပြေးလိုက်နေချိန်မှာ CDF-မင်းတပ်ကနေ ဝိုင်းဝန်းပစ်ခတ်မှုကြောင့် အကျအဆုံးများခြင်းဖြစ်သည်"ဟု ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

စစ်ကောင်စီတပ်ဖွဲ့က အေးချမ်းစွာ နေထိုင်နေသည့် ရွာများမှ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများ ခိုးယူကာ ဒေသခံများ မွေးမြူထားသည့် နွားနောက်များ ကိုသတ်စားမှုများ ပြုလုပ်လျက်ရှိသည်။

ထိုရွာများမှ ရွာသားများကလည်း စစ်‌ေကာင်စီကို တော်လှန်နေသည့် တိုက်ပွဲများအတွင်း ပါဝင်လာကြောင်း ဆလိုင်းယောမာန်က ပြောသည်။

ပုံ - မင်းတပ်-မတူပီ လမ်းတစ်လျှောက်တွင် တွေ့ရသည့် ကျည်ခွံများနှင့် စကစများ ကျန်ခဲ့သည့်ဆေးထိုးအပ်များ၊ ပတ်တီးစများ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required