မုံရွာမြို့ ဆည်မြောင်းရုံးရှိ စစ်ကောင်စီတပ်ကို မြို့ပြ ပြောက်ကျား ၄ ဖွဲ့ ပူးပေါင်း တိုက်ခိုက်

မုံရွာမြို့ ဆည်မြောင်းရုံးရှိ စစ်ကောင်စီတပ်ကို မြို့ပြ ပြောက်ကျား ၄ ဖွဲ့ ပူးပေါင်း တိုက်ခိုက်

နိုဝင်ဘာ ၈

မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက် ဆည်မြောင်းရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို မုံရွာ မြို့ပြပြောက်ကျားအဖွဲ့ လေးဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် PDF - South Monywa အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာ ၈ ရက် နံနက် ၁၀ နာရီခန့်တွင် PDF South Monywa ၊ Monywa Heroes Group ၊ Monywa UG Group နှင့် Monywa Night King တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗုံးများနှင့် တိုက်ခိုက်ပြီး သေနတ်များနှင့်ပါ ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီ တပ်သား လေးဦး သေဆုံးသွားကြောင်းနှင့် ပြောက်ကျားအဖွဲ့များဘက်တွင် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း PDF South Monywa အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ ကျွန်တော်တို့ ဖောက်ခွဲ ပစ်ခတ်ပြီးနောက် စစ်သားတွေက ရမ်းသန်းလိုက်ပစ်လို့ ကိုယ်ပိုင် အထက်တန်းကျောင်းနားမှာ ပြည်သူတစ်ဦး ထိမှန်သွားတယ် ” ဟု ၎င်းက ဆိုသည်။

ဖောက်ခွဲရေးအတွက် Monywa UG Group က တာဝန်ယူခဲ့ပြီး Monywa Night King အဖွဲ့က အနေအထားများကို စောင့်ကြည့် ကူညီအားဖြည့်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required