ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်၊ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိဟုဆို

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်၊ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိဟုဆို

နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ခြေလျင်တပ်နှင့် စစ်ယာဉ်တန်းကို ယမန်နေ့ နိုဝင်ဘာ ၇ ရက်က မိုင်း သုံးခါဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိသည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူကပြောသည်။

ကန်ဒေါင့်ကျေးရွာမှ ခြေလျင်ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်ကို ယမန်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ အချိန်က လှိုင်းချောင်းလမ်းခွဲ အရှေ့ဘက်အရောက်တွင် မိုင်းသုံးလုံးဆွဲပြီး ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူနှင့် ဒဏ်ရာရသူများ ရှိကြောင်း၎င်းက ဆိုသည်။

ပုလဲပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ် အဖွဲ့ဝင် ဗိုလ်ပေါက်ကြိုင်း၏ ပုံတောင်တိုက်ဂါးအဖွဲ့က ပုလဲမြို့မှ စစ်ကားငါးစီးဖြင့် ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို လာကြိုသည့် ထိုခြေလျင်တပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုခြေလျင်တပ်သည် ပုလဲမြို့ကထွက်လာသည့် စစ်ကောင်စီယာဉ်တန်းနှင့် ပေါင်းမိပြီးနောက် ဆက်လက်ထွက်ခွာလာရာ ဦးနှောက်ရွာ အနောက်ဘက်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ပုံတောင်တိုက်ဂါးအဖွဲ့မှ မိုင်းခြောက်လုံး ဖြင့် ဒုတိယ အကြိမ်မြောက် တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်ခံရသည့် ယင်းစစ်ယာဉ်တန်းသည် စစ်ကားလေးစီးဖြင့် ဆက်လက် ထွက်ခွာလာရာ ပုံတောင်တိုက်ဂါး အဖွဲ့နှင့် ပုလဲပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင် လှိုင်းချောင်း အနောက်ဘက်တွင် မိုင်းလေးလုံးခွဲကာ တတိယအကြိမ် တိုက်ခိုက်ခဲ့သည်။

"မနက်ခင်း ၇နာရီခွဲစစ်ကြောင်းက ပုလဲကထွက်လာတဲ့ စစ်ကားငါးစီးကိုလာကြိုတဲ့ ခြေလျင်တပ်ပေါ့နော် ။ ပထမအကြိမ် မိုင်း သုံးလုံးဆွဲခဲ့တယ်။ ဒုတိယအခါက လာကြိုတဲ့အဖွဲ့နဲ့ ပုလဲကဆင်းလာတဲ့အဖွဲ့နဲ့ပေါင်းမိပြီး သွားတယ် ။ အဲဒါကို ဦးနှောက်ရွာရဲ့အနောက်နားမှာ မိုင်းခြောက်လုံးဆွဲလိုက်တယ်။ တတိယတစ်ခါက ကားငါးစီးကို လေးစီးပဲ ထပ်ထွက်လာတယ်။ အဲကားတွေကို လှိုင်းချောင်းအနောက်ဘက်မှာ ညနေ၅နာရီခွဲလောက်က မိုင်းလေးလုံးထပ်ဆွဲလိုက်တယ်။ ကျွန်တော်တို့လုပ်တဲ့မိုင်းက တော်တော်ကောင်းတယ်။ သေတာ ၁၈ ယောက်ထက် ပိုနိုင်တယ်"ဟု ပုလဲပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ် အဖွဲ့ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီ၏ ခြေလျင်တပ်နှင့် ယာဉ်တန်းသည် ယမန်နေ့က သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ၁၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ထိတွေ့မှုတိုင်းတွင် စစ်ကောင်စီတပ်သားများဘက်မှ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required