တရုတ်က အမေရိကန်နှင့် အခြားနိုင်ငံများတွင် မီဒီယာနှင့်စီးပွားရေးလုပ်ငန်းများအား ပစ်မှတ်ထားရန် ဩဇာလွှမ်းမိုးမှုစစ်ဆင်ရေးများလုပ်ဆောင်

By Zee5
08 November 2021
တရုတ်က အမေရိကန်နှင့် အခြားနိုင်ငံများတွင် မီဒီယာနှင့်စီးပွားရေးလုပ်ငန်းများအား ပစ်မှတ်ထားရန် ဩဇာလွှမ်းမိုးမှုစစ်ဆင်ရေးများလုပ်ဆောင်

တရုတ်နိုင်ငံသည် မဟာဗျူဟာရည်မှန်းချက် ရလဒ်ကောင်းများ ရရှိရန် အမေရိကန်၊ အခြားနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းရှိ ယဉ်ကျေးမှုအဖွဲ့အစည်းများမှ မီဒီယာအဖွဲ့အစည်းများ၊ စီးပွားရေး၊ပညာရေးနှင့် မူဝါဒဆိုင်ရာအသိုင်းအဝိုင်းများကို ပစ်မှတ်ထားသည့် သြဇာလွှမ်းမိုးမှုစစ်ဆင်ရေးများကို လုပ်ဆောင် နေသည်ဟု ပင်တဂွန်စစ်ဌာနချုပ်၏ နိုဝင်ဘာ၃ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ၎င်းနိုင်ငံ၏ လုပ်ဇာတ်များကို လက်ခံရန်နှင့် ရည်မှန်းချက်ရရှိရေးတို့တွင် အဟန့်အတားဖြစ်စေသော အတားအဆီးများကို ဖယ်ရှားရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ဘက်ပေါင်းစုံဆိုင်ရာ နိုင်ငံရေးတည်ဆောက်မှုများနှင့်လူထုသဘောထားကို ပျိုးထောင် လေ့ကျင့်ပေးရန် ကြိုးပမ်းနေကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) နှင့်ပတ်သက်သည့် စစ်ရေးနှင့်လုံခြုံရေး ဖွံ့ဖြိုးတိုးတက်မှုများဆိုင်ရာ ပင်တဂွန်စစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်အပါအဝင် ပွင့်လင်းသောဒီမိုကရေစီနိုင်ငံများသည် အခြားအစိုးရပုံစံများထက် ဩဇာလွှမ်းမိုးမှု စစ်ဆင်ရေးကို ပိုပြီးခံနိုင်ရည်မရှိဟု CCP ခေါင်းဆောင်များက မှတ်ယူထားသည်။

တရုတ်စစ်တပ်သည် ၂၀၀၃ခုနှစ်ကတည်းက ၎င်း၏စစ်ဆင်ရေးဆိုင်ရာစီမံချက်များတွင် စိတ်ပိုင်းဆိုင်ရာစစ်ပွဲ၊ လူထုသဘောထားစစ်ပွဲနှင့် ဥပဒေရေးရာစစ်ပွဲတို့ဖြင့် ပေါင်းစပ်ထားည့် ‘စစ်ပွဲ၃ပွဲ’ အယူအဆ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားသည်။

ထို့ပြင် ၎င်းတို့၏ သဘောထားထုတ်ပြန်ချက်နှင့် အရည်အသွေးနှင့် ငြင်းဆိုနိုင်စွမ်းတို့ တိုးတက် ကောင်းမွန်စေရန် ဉာဏ်ရည်တု (AI) နည်းပညာများတွင် အဆင့်မြင့်မှုများ ပေါင်းစပ်လုပ်ဆောင်ခြင်းဖြင့် ဒစ်ဂျစ်တယ်လွှမ်းမိုးမှုစွမ်းဆောင်ရည်များကို ဆက်လက်ဖန်တီးလုပ်ဆောင်သွားဖွယ်ရှိသည်။

တရုတ်နိုင်ငံသည် အဆင့်မြင့်နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ် တီထွင်မှုတွင် အင်အားကြီးမားသူဖြစ်လာစေရန် အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် စတုတ္ထစက်မှုတော်လှန်ရေးနှင့် ဆက်စပ်နေသော နည်းပညာများကို လွှမ်းမိုးရန် ကြိုးပမ်းနေကာ ယင်းကြိုးပမ်းမှုတွန်းအားက တရုတ်စစ်တပ်၏ စိတ်အား ထက်သန်သော ခေတ်မီတိုးတက်ရေးကြိုးပမ်းမှုများနှင့် ဉာဏ်ရည်သုံးစစ်ပွဲကို ဆင်နွှဲနိုင်သော ကမ္ဘာ့အဆင့်မီ စစ်တပ်ဖြစ်လာစေရေး ၎င်း၏ပန်းတိုင်ကို တိုက်ရိုက်ပံ့ပိုးပေးသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly