မင်္ဂလာဒုံ ထွေအုပ်ရုံးနှင့် မင်္ဂလာဒုံလေတပ် လုံခြုံရေး ဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုရှိနိုင်

မင်္ဂလာဒုံ ထွေအုပ်ရုံးနှင့် မင်္ဂလာဒုံလေတပ် လုံခြုံရေး ဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုရှိနိုင်

နိုဝင်ဘာ ၇

မင်္ဂလာဒုံ ထွေအုပ်ရုံးနှင့် မင်္ဂလာဒုံလေတပ် လုံခြုံရေး ဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

မွန်းလွဲ ၁၂ နာရီခန့်က မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ၃၃ နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပနေစဥ် အပြင်ဘက်မှ အပစ်ခံရခြင်းဖြစ်သည်။

" အထဲမှာ မိန့်ခွန်းပြောနေတာတောင် မဆုံးသေးဘူး။ အပြင်ကနေ ဆော်သွားတာ။ အတွဲလိုက်ပစ်သွားတဲ့အသံ" ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဥ်တွင် ရုံးသန့်ရှင်းရေးအမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံး နှစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သန့်ရှင်းရေးအမျိုးသမီးမှာ စိုးရိမ်ရကြောင်း ဒေသခံများကဆိုသည်။

ယင်းဖြစ်စဥ်ဖြစ်ပွားအပြီး နာရီဝက်ခန့်အကြာတွင်"လုပ်ချင်လျှင် တပ်ရင်းကိုလာလုပ်လှည့်" ဟု ကြိမ်းဝါးထားသော တပ်ရင်းမှူးရှိရာ တပ်ရင်း (၉) နှင့် လန်ဒန်စက်ရုံအကြားတွင် ပစ်ခတ်မှုနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံမီဒီယာဖြစ်သည့် မင်္ဂလာဒုံအမျိုးသားမီဒီယာက သတင်းဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကြောင့် နွယ်ခွေ၊ ထောက်ကြန့် တို့တွင် လမ်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့သည်။

ပစ်ခတ်မှုဖြစ်စဥ်နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားအပြီးတွင် မင်္ဂလာဒုံမြို့နယ်တွင်း စစ်ဆေးမှုများ တင်းကြပ်စွာလုပ်ဆောင်နေစဥ် မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်၊ ခရေပင်ရိပ်မွန်လမ်းရှိ မင်္ဂလာဒုံလေတပ်လုံခြုံရေးဂိတ်ကို မွန်းလွဲ ၂ နာရီကျော်တွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

" အမှတ် ၃ လမ်းကို စစ်ဆေးတာတွေ တင်းကြပ်နေတဲ့အချိန် လေဆိပ်လုံခြုံရေးကို ဝင်ပစ်သွားတာ။ သေမသေတော့ မသိရဘူး။ နှစ်ယောက်ထိတယ်လို့ ကြားတယ်။ ဒဏ်ရာလည်း ပြင်းတယ် သေဖို့များတယ်ကြားတယ်။ ၃ နာရီထိုးခါနီးလောက်မှာ ဖြစ်သွားတာ။ ၂ နာရီခွဲကျော်ပေါ့" ဟု မင်္ဂလာဒုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အမှတ် ၃ လမ်းမ၊ အမှတ် ၂ လမ်းမ၊ ရန်ကုန်-ပြည်လမ်း အပါအဝင် လမ်းများတွင် စစ်ကောင်စီတပ်ဖွဲ့အင်အားအများအပြားဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

နိုဝင်ဘာ ၇ ရက် ယနေ့တွင် တောင်ဒဂုံ၊ မရမ်းကုန်း အစရှိသည့်မြို့နယ်များတွင်လည်း ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required