စဉ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စဉ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

နိုဝင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာမ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းသည် ယနေ့ နိုဝင်ဘာ ၇ ရက် နံနက် ၅ နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဦးခင်မောင်သန်းသည် ကျွန်းပေါ်သို့ စိုက်ပျိုးမြေချရန် ကျေးရွာမှ ထွက်ခွာစဉ် ပစ်သတ်ခံရခြင်း ဖြစ်ပြီး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ထို့အပြင် ၎င်းနှင့်အတူ ပါလာသော ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူ အမျိုးသားတစ်ဦးလည်း လည်ပင်းတွင် သေနတ်ဒဏ်ရာ နှစ်ချက် ရရှိသွားခဲ့သည်ဟု သိရသည်။

"ကျွန်းပေါ်ကို သွားဖို့ ရွာအနောက်ဘက်က သောင်ခုံမှာ လှေကို ရေထဲ ဆွဲချနေချိန်မှာ ပစ်ခံရတာ။ အုပ်ကြီး အပစ်ခံရတဲ့အချိန် သေနတ်သမားကို ဝင်လုံးလို့ နောက်တစ်ယောက်ကတော့ လည်ပင်း သေနတ်မှန်သွားတယ်။ သူကတော့ သတိရနေသေးတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံးကို စဉ့်ကူး မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။

ဟင်္သာမ ကျေးရွာအုပ်ချုပ်ရေးမှူးသည် မကြာခဏ ဆိုသလို စစ်ကောင်စီတပ်များကို ၎င်းရွာသို့ ခေါ်၍ ရွာသားများကို ခြိမ်းခြောက်မှု လုပ်ဆောင်သည့်အတွက် ရွာသားများ မကြာခဏ ရှောင်တိမ်းရလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly