ပုဂံညောင်ဦးမြို့ မြင်းကပါရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ရွာသား ၅၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

ပုဂံညောင်ဦးမြို့ မြင်းကပါရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ရွာသား ၅၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

နိုဝင်ဘာ ၆

မန္တလေးတိုင်း၊ ပုဂံညောင်ဦးမြို့နယ် မြင်းကပါရွာ အုပ်ချုပ်ရေးမှူး ကိုလင်းအောင် အသတ်ခံရပြီးနောက် မြင်းကပါရွာအပါအဝင် အနီးရွာများက ဒေသခံ ၅၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ဆက်သွယ်ပြောကြားသည်။

စစ်ကောင်စီက ဒေသခံ ယွန်းထည်လုပ်ငန်းရှင်များနှင့် ကျေးရွာအတွင်း နေထိုင်သူများကို နိုဝင်ဘာလ ၂ရက်က စတင်ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ၅၂ဦးထိ ဖမ်းဆီးခံထားရသည်။

"သူတို့က ဖြစ်ဖြစ်ချင်းညမှာ ရွာ​တွေကို ဝင်ပြီး ၁၀ ယောက်လောက် ဆွဲ(ဖမ်း)သွားတယ်။ ဒီမှာက ရွာခြောက်ရွာရှိတယ်။ ခြောက်ရွာလုံးမှာရှိတဲ့ လူတွေကို ဆွဲ(ဖမ်း)တာ မြင်းကပါရွာကတော့ အများဆုံး အဖမ်းခံရတာပေါ့။ နောက်ညတွေမှာလည်း နှစ်ရက်လောက် လာလာဆွဲတယ်။ စုစုပေါင်း ၅၂ ယောက်လောက် ပါသွားတယ်။ အခုချိန်ထိ ပြန်လွတ်တယ်လို့ မကြားဘူး။ စစ်ကြောရေးကို သုံးယောက်လောက်ပို့တယ် ကြားတယ်။ ကျန်တဲ့ လူတွေကို ပုဂံမြို့သစ်ရဲစခန်းမှာ ဖမ်းထားတယ်။ ကျွန်တော်တို့ဆီက ကျူရှင်သင်တဲ့ဆရာတစ်ယောက်လည်း ရဲစခန်းမှာ ရွာသား‌တွေကိုဖမ်းထားတယ်ဆိုလို့ သူကလိုက်ပြောပေးတာကို သူ့ကိုပါ ဖမ်းလိုက်တယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးလင်းအောင်ဆိုသူကို နိုဝင်ဘာ ၂ရက်က ပုဂံ-ညောင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် MGN Tigerအဖွဲ့ မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်းနှင့် ရင်ဘတ်တွင် ကျည်နှစ်ချက်ထိပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly