ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ရှိရာနေရာ ၃ခုကိုတိုက်ခိုက် နှစ်ဖက်အကျအဆုံးရှိ

By ပါခွီး
06 November 2021
ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ရှိရာနေရာ ၃ခုကိုတိုက်ခိုက် နှစ်ဖက်အကျအဆုံးရှိ

နိုဝင်ဘာ ၆

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ရှိရာ နေရာ သုံးနေရာကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားကာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားသည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ချင်းအမျိုးသားတပ်မတော် (CNA) ၏ တာဝန်ရှိသူထံမှ သိရသည်။

ဟားခါးမြို့တွင် နှစ်နေရာနှင့် ထန်တလန်မြို့ တစ်နေရာတွင် ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲများကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ ဟာခါးမှာ နှစ်နေရာနဲ့ ထန်တလန်မှာရှိတဲ့ တပ်ကုန်းကို တစ်ချိန်တည်း ဝင်တိုက်ခဲ့တယ်။ သူတို့ဘက်က ၁၁ယောက်သေပြီး ဒဏ်ရာရတဲ့ အရေအတွက်တော့ အတည်မပြုနိုင်ဘူး။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်။ နှစ်ယောက်ဒဏ်ရာ ရထားတယ်” ဟု CNA၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္ဈိမကိုပြောသည်။

ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့သည် ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်ရှိ လုံခြုံရေးဂိတ်အား ယနေ့ နံနက် ၄နာရီ အကျော်တွင် ဝင်ရောက်တိုက်ခိုက်ရာ ငါးဦး သေဆုံးကြောင်း ၊ တစ်ချိန်တည်းတွင် ဟားခါးမြို့ ဘုန်းကြီးကျောင်းအနီးရှိ ပြည်နယ်လက်နက်ကိုင်ရဲ ကင်းဂိတ်အား ဝင်ရောက်တိုက်ခိုက်ရာ ခြောက်ဦး သေဆုံးကြောင်းနှင့် ဒဏ်ရာရရှိသူအရေအတွက်အား အတည်မပြုနိုင်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ယနေ့ နံနက်အစောပိုင်း အချိန်တွင်လည်း ထန်တလန်မြို့ရှိ စစ်ကောင်စီတပ် ခလရ(၂၂၆ )၊ ခလရ (၂၂၂) နှင့် တပ်မ (၁၁)တပ်စခန်းချရာသို့ ဝင်ရောက်ပစ်ခတ်ရာ ချင်းတော်လှန်ရေးတပ်ဖွဲ့များဘက်မှ တစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားကြောင်းနှင့် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုအား မသိရရှိရကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည့်အတွက် တပ်စခန်းအောက်ဘက်ရှိ မိဘမဲ့ကျောင်း မီးလောင်သွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်ကလည်း ချင်းတော်လှန်ရေးအဖွဲ့များသည် ဟာခါးမြို့ ခြောက်လမ်းဆုံရှိ စစ်ဆေးရေး ဂိတ်အား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့မှ သုံးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly