ချောင်းဦးနယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူး၏ PA အပါအဝင် ၁၀ဦး သေဆုံးဟုဆို

ချောင်းဦးနယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူး၏ PA အပါအဝင် ၁၀ဦး သေဆုံးဟုဆို

နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မထိသာကျေးရွာနှင့် မှန်ချိုကျေးရွာကြားတွင် ဒေသခံပြောက်ကျားအဖွဲ့များက စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦး၏ ကိုယ်ရေးအရာရှိ (PA)အပါအဝင် ၁၀ဦး သေဆုံးကြောင်း တိုက်ခိုက်မှုတွင်ပါသည့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TGR)၏ တာဝန်ရှိသူကပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၉ နာရီ မိနစ် ၃၀ တွင် ကားလေးစီးပါ စစ်ကောင်စီ ယာဉ်တန်းကို ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကူလာသည့် AD VAN ကားနှစ်စီးအား ဆင်မြေကျေးရွာအကျော်တွင် ၉နာရီ ၄၅မိနစ်က မိုင်းငါးလုံးဆွဲကာ ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ၎င်းကဆိုသည်။ တိုက်ခိုက်မှုကြောင့် AD VAN ကားနှစ်စီး ကြေမွသွားသည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှစ်ခုတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး ဆယ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု သိရသည်။

"နှစ်နေရာပေါင်း စခ (စစ်ကောင်စီတပ်သား) ဆယ်ကောင်နဲ့ လိုက်ပွဲ (ဒဏ်ရာရသူ) တစ်ဆယ် အထက်ရှိပါတယ်။ တစ်လမ်းထဲ နှစ်ခါခွဲတာဗျ။ ပထမတစ်ကြိမ်က ယာဉ်တန်းကိုခွဲတာ အဲဒါလည်း တော်တော်သေတယ်။ ဒုတိယတစ်ကြိမ်က သူတို့ကို စစ်ကူပေးဖို့လာတဲ့ AD Van နှစ်စီးကိုခွဲတာ၊ အဲဒီကားထဲမှာတော့ ဗိုလ်မှူး PA တစ်ယောက်သေတယ်။ ရဲဖက်တီးဆိုတဲ့ ပြည်သူ့ချဉ်ဖတ် ရဲအရာရှိတစ်ဦးက ခြေပြတ်လက်ပြတ်ဖြစ်သွားတယ်"ဟု TGR အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုများကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TGR) ၊ မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအထူးတပ်ဖွဲ့(MSPDF)၊ 27 Revolution Force(မြင်းခြံ)၊ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ChuPDF)၊ သွေးသောက် တော်လှန်ရေးတပ်ဖွဲ့ စသည့် မဟာမိတ်ငါးဖွဲ့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Video Credit - မြောင်မြို့နယ် T.G.R - ပြည်သူ့ကာကွယ်ရေးတပ်

https://web.facebook.com/tiger782/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required