ပုလဲမြို့နယ် သပြေကုန်းရွာတွင် စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးဟုဆို

ပုလဲမြို့နယ် သပြေကုန်းရွာတွင် စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးဟုဆို

နိုဝင်ဘာ ၅

စစ်ကိုင်တိုင်း၊ ပုလဲမြို့နယ် သပြေကုန်းရွာအနောက်ဘက်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ကို နိုဝင်ဘာလ ၅ရက် မနက်၁၀ နာရီခွဲတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း Pale PDF-Headquarters ၏ ပြောဆိုချက်အရ သိရသည်။

"မနေ့က ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ သေနတ်များပစ်ဖောက် ခြိမ်းခြောက် လမ်းသွားလမ်းလာပြည်သူတွေကို အကြမ်းဖက်စစ်ဆေးခဲ့ပြီးဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ယနေ့မနက်မှာ မင်းတိုင်ပင်ရွာ NLD လွှတ်တော်အမတ် ဦးဇော်ထက် မိသားစုပိုင်နေအိမ်ကို ၉ နာခန့်မှာ ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး သပြေကုန်းဘက်ကို ထွက်လာတဲ့အချိန်မှာ မိုင်းဆွဲခဲ့တာ"ဟု Pale PDF-Headquarters အဖွဲ့မှပြောသည်။

စစ်ကောင်စီတပ် အင်အား ၃၀ခန့်ရှိ ခြေလျှင်တပ်ကို မင်းတိုင်ပင်ရွာမှ အထွက် သပြေကုန်းရွာအနောက်ဘက် အရောက်တွင် ပုလဲပြည်သူ့ကာကွယ်ကွယ်ရေးတပ်ဖွဲ့များမှ မိုင်း ခြောက်လုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး နှစ်ဦး သေဆုံးကြောင်း ၎င်းတို့က ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်များ ဦးနှောက်ရွာအနီးအရောက် Pale PDF-Headquarters အပါအဝင် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပစ်ခတ်ခဲ့ကြသေးပြီး ထိုနေရာတွင်မူ စစ်ကောင်စီဘက်က အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ဆုတ်ခွာခဲ့ကြသော်လည်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လွတ်ကင်းရာကို အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required