လှိုင်သာယာတွင် ဆေးခန်းအတွင်း ပစ်ခတ်မှုဖြစ်၊အမျိုးသမီး ၁ဦး သေဆုံးဟုဆို

By ဂန္ဒမာ
05 November 2021
လှိုင်သာယာတွင် ဆေးခန်းအတွင်း ပစ်ခတ်မှုဖြစ်၊အမျိုးသမီး ၁ဦး သေဆုံးဟုဆို

နိုဝင်ဘာ ၅

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ တေးဥယျာဉ် ( ၃ ) လမ်းထိပ် အနီးရှိ ပါရမီဆေးခန်းအတွင်း၌ ယ​နေ့ နိုဝင်ဘာလ ၅ ရက်​နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ပစ်ခတ်ခံရသူမှာ ​အဆိုပါ​ဆေးခန်းမှ အမျိုးသမီးသူနာပြုဆရာမ ဒေါ်စမ်းသီတာဆိုသူဖြစ်ပြီး ပစ်ခတ် ခံရမှုကြောင့် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"သူက သတင်း​ပေး​ပေါ့။ စကစကို ထမင်းတောင်ခေါ်ကျွေး၊ ငွေပေးတာနဲ့ဆေးဝါးထောက်ပံ့ပေးတာတွေလုပ်တယ်။ သူ့အဆောင်က နွေဦးတော်လှန်ရေးလုပ်သူတွေကို သတင်းပေးဖမ်းခိုင်းတာ နှစ်ယောက်ဖမ်းခံရတယ်။ အဲဒါ​​ကြောင့်လည်း အသတ်ခံရတာ။ အပစ်ခံရတာ သေနတ်ဒဏ်ရာ နှစ်ချက်၊ ​ရင်ဘတ်နဲ့​ ကျော ထိတယ်လို့ ကြားတယ်။ ဆေးရုံ (ပြည်သူ့​ဆေးရုံကြီး-လှိုင်သာယာ)ကို ပို့​ပေမဲ့လည်း ဆေးရုံ​ရောက်​တော့ သေသွားပြီလို့ သတင်းကြားတယ်"ဟု ရပ်ကွက်​နေ ပြည်သူတစ်ဦးက မဇ္စျိမ ကို ​ပြောသည်။

ထို့​နောက် ပစ်ခတ်မှုဖြစ်ပွားပြီး ခဏအကြာတွင် စစ်​ကောင်စီတပ်သားများ​ ရောက်ရှိလာပြီး လူငယ်တစ်ဦးအား လက်ပြန်ကြိုးတုပ်၊ မျက်နှာအုပ်ကာ အမှတ် (၇) ရပ်ကွက်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် အနီးရှိ CCTV မှတ်တမ်းများလည်း ရယူသွားခဲ့သည်။

"ဖြစ်စဉ် ဖြစ်တာက ဆိုင်ကယ်နဲ့ ဆေးဝယ်သလိုပစ်သွားတာ၊ ပစ်သွားတဲ့သူ​တွေက လွတ်သွားတယ်။ အဲဒါကို မဆိုင်တဲ့ လူငယ်တစ်ဦးက​ ထွက်ကြည့်လို့ဆိုပြီး ဖမ်းသွားတယ်။ ရိုက်နှက်ခံခဲ့ရတဲ့သူ​တွေလည်း ရှိတယ်။ လမ်းထဲမှာ​ တော်​တော်​သောင်းကျန်းသွားတာ"ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။၊

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required