တိဗက်၏ ဂေဟစနစ်ကို အာရုံစိုက်ရန် ကမ္ဘာ့နိုင်ငံများအား ဒလိုင်လားမားတိုက်တွန်း

တိဗက်၏ ဂေဟစနစ်ကို အာရုံစိုက်ရန် ကမ္ဘာ့နိုင်ငံများအား ဒလိုင်လားမားတိုက်တွန်း

တိဗက်၏ သဘာဝအရင်းအမြစ်များကို တရုတ်နိုင်ငံက ခေါင်းပုံဖြတ်နေချိန်တွင် အဝေးရောက် ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက ဒေသတွင်းရှိ တိဗက်ဂေဟစနစ်၏ အခန်းကဏ္ဍကို ပိုမိုအာရုံစိုက်ရန် ကမ္ဘာ့နိုင်ငံများအား တိုက်တွန်းခဲ့သည်။

စကော့တလန်နိုင်ငံ၊ ဂလက်စကိုမြို့၌ ၂၆ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP26) အတွက် ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံကြစဉ် ဒလိုင်လားမားက တိဗက်၏ ဂေဟစနစ်နှင့် ကမ္ဘာ့ရာသီဥတု အကျပ်အတည်း၏ အခန်းကဏ္ဍကို ပိုမိုအာရုံစိုက်ရန် မေတ္တာရပ်ခံလျက် လူဦးရေအများဆုံး တိုက်ကြီးအတွက် ဘေးအန္တရာယ်များကို အလေးထားပြောကြားခဲ့သည်ဟု RFA က ဆိုသည်။

“တကယ်တော့ အာရှမှာတိဗက်ဟာ အဆုံးစွန်သောရေအရင်းအမြစ်ဖြစ်ပြီး ပါကစ္စတန်ရဲ့ အိန္ဒုမြစ်၊ အိန္ဒိယရဲ့ ဂင်္ဂါမြစ်နဲ့ ဗြဟ္မပုတ္တရမြစ်တွေ၊ တရုတ်ရဲ့ မြစ်ဝါမြစ်၊ ဗီယက်နမ်ရဲ့ မဲခေါင်မြစ် စတဲ့ အဓိကမြစ်တွေအားလုံးဟာ တိဗက်ကနေ စီးဆင်းလာတာပါ” ဟု ဒလိုင်းလားမား၏ ပြောကြားချက်ကို ကိုးကားပြီး RFA သတင်းဌာနက ဖော်ပြသည်။

"တိဗက်ရဲ့ ဂေဟစနစ်ကို ထိန်းသိမ်းဖို့ ကျွန်တော်တို့တွေ ပိုပြီး အာရုံစိုက်သင့်ပါတယ်။ ဒါဟာ တိဗက်လူမျိုး ၆ သန်း ၇ သန်းရဲ့ အကျိုးစီးပွားအတွက်တင် မဟုတ်ဘဲ အဲဒီဒေသက လူအားလုံးရဲ့ အကျိုးစီးပွားအတွက်ပါ" ဟု ဒလိုင်လားမားက ထပ်လောင်းပြောကြားသည်။

တရုတ်လူဦးရေ၏ ၁ ဒသမ ၄ ဘီလီယံနီးပါး၊ အိန္ဒိယမှ ၁ ဒသမ ၃ ဘီလီယံ၊ အရှေ့တောင်အာရှ ၁၇၅ သန်းနှင့် ပါကစ္စတန်နှင့်ဘင်္ဂလားဒေ့ရှ်တို့မှ သန်းရာနှင့်ချီသော နေထိုင်သူများသည် တိဗက်မှ မြစ်ဖျားခံသည့် ရေများကို မှီခိုအားထားနေရကြောင်း Radio Free Asia က ဖော်ပြသည်။

စက်တင်ဘာလအစောပိုင်းက တရုတ်နိုင်ငံသည် ၄၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တိဗက်ရှိ ၎င်း၏အခွင့်အရေးမှတ်တမ်းအတွက် ပြစ်တင်ပြောဆိုခံခဲ့ရပြီး အမေရိကန်၊ ဒိန်းမတ်၊ ဂျာမနီနှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များက အဆိုပါဒေသ၌ ဘာသာရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအပေါ် တရုတ်အစိုးရ၏ ပြင်းထန်သော ကန့်သတ်မှုများကို စိုးရိမ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

တိဗက်ကို ဘေဂျင်းအခြေစိုက် တရုတ်ကွန်မြူနစ်ပါတီအစိုးရမှ အုပ်ချုပ်ပြီး ဒေသဆိုင်ရာ ဆုံးဖြတ်ချက်ချသည့် အာဏာကို တရုတ်ပါတီအရာရှိများလက်ဝယ်တွင် ထားရှိသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က တိဗက်မြောက်ပိုင်းသို့ ဝင်ရောက်ချိန် ၁၉၅၀ ခုနှစ် တရုတ်မကျူးကျော်ခင်အထိ တိဗက်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly