ဒဿမတန်းကျောင်းသူအပါအဝင် အမျိုးသမီး ၃ ဦးကို PDF ထောက်ပံ့ သည်ဆိုကာ သံတွဲတွင်ဖမ်းဆီး

ဒဿမတန်းကျောင်းသူအပါအဝင် အမျိုးသမီး ၃ ဦးကို PDF ထောက်ပံ့ သည်ဆိုကာ သံတွဲတွင်ဖမ်းဆီး

နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်( PDF) ကိုငွေထောက်ပံ့ပေး သည်ဟုဆိုကာ ဒဿမတန်းကျောင်းသူအပါအဝင် အမျိုးသမီးသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ အသက် ၃၅ နှစ်အရွယ် မငြိမ်းအိဖြူကျော် ၊ အသက် ၂၅ နှစ်အရွယ် မတင်စန္ဒာဝင်း နှင့် အသက် ၁၇ နှစ်အရွယ် မသိမ့်အေးချမ်းတို့ဖြစ်သည်။ မသိမ့်အေးချမ်းမှာ ဒဿမတန်းကျောင်းသူတစ်ဦးလည်းဖြစ်သည်။

သူတို့၏ နာမည် နှင့် မှတ်ပုံတင်နံပတ်များကိုအသုံးပြုပြီး K-pay အကောင့်ဖွင့်ကာPDF များကို ငွေထောက်ပံ့ပေးနေသည်ဟုစွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။

မငြိမ်းအိဖြူကျော်နှင့် မတင်စန္ဒာဝင်း နှစ်ဦးကို သံတွဲမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေပုဒ်မ - ၅၀(ည) ဖြင့် သံတွဲမြို့ နယ်ရဲမှုးမှ တရားလိုလုပ်ကာ အမှုဖွင့်ထားသည်။ သို့သော် မသိမ့်အေးချမ်းကို မည်ကဲ့သို့ဆောင်ရွက်နေသည်ကို မသိ ရှိရသေးကြောင်း ဒေသခံတစ်ဦးကပြောပါသည်။

“ သူများကလုပ်ပြီးတော့။ မတရားခံရတယ်ပေါ့နော်။ အိမ်ကမိသားစုဝင်တွေလည်းမသိ၊ K-pay အကောင့်တွေဘာတွေရှိတာလည်းမသိဘူး၊ သူကသုံးလည်းမသုံးဘူး၊ သူ့အတွက် စိုးရိမ်တယ်” ဖမ်းဆီးခံထားရတဲ့အထဲမှ မိသားစုဝင်တစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူခြောက် ဦးအထိ ရှိလာနေပါသည်။ သံတွဲမြို့နယ်မှ ငါးဦးနှင့် မြောက်ဦးမြို့နယ်မှတစ်ဦးတို့ဖြစ် ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required