ကန်ပက်လက်မြို့နယ်၊ ကျင်းဒွေးမြို့တိုက်ပွဲ စစ်ကောင်စီတပ်သားများ အကျအဆုံးရှိ

By ပါခွီး
04 November 2021
ကန်ပက်လက်မြို့နယ်၊ ကျင်းဒွေးမြို့တိုက်ပွဲ စစ်ကောင်စီတပ်သားများ အကျအဆုံးရှိ
ပုံစာ - CDF- Kanpetlet အဖွဲ့များ စစ်ရေးလေ့ကျင့်နေပုံ။

နိုဝင်ဘာ ၄

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်းဒွေးမြို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦး သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာ ရသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)(CDF - Kanpetlet) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျင်းဒွေးမြို့၊ ဖုံတွီးကျင်း ရပ်ကွက် အထက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် CDF –Kanpetlet တို့ အကြား ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၈ နာရီမှ နေ့လယ် ၁၁ နာရီအထိ ၃ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“စစ်ကောင်စီတပ်တွေ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို ဆိုင်ကယ်တွေနဲ့ ဝင်လာတာကို စောင့်တိုက်ခဲ့ကြတာပါ” ဟု CDF Kanpetlet ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကျင်းဒွေးမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အပြောင်းအရွှေ့၊ အတိုးအလျော့ အမြဲတမ်း ရှိနေသဖြင့် မည်သည့်တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားကြောင်းအား လတ်တလော အတည်ပြုနိုင်ခြင်း မရှိဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ် တစ်စီးလျှင် လူ သုံးယောက် စီးနင်းပြီး ဆိုင်ကယ် ၁၀ စီး ဖြင့် လူ အယောက် ၃၀ ခန့် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် သေဆုံးသူနှင့် ဒဏ်ရာရသူများအား ကောက်ယူကာ ပြန်လည် ဆုတ်ခွာသွားခဲ့ကြကြောင်းနှင့် CDF - Kanpetlet ဘက်တွင်မူ အကျအဆုံးမရှိဟု ဆိုသည်။

ချင်းပြည်နယ်၊ လောင်းရှည်နှင့် ကျင်ဒွေးမြို့ ကြားတွင် မည်သည့် ယာဉ်မျှ မသွားလာရန်နှင့် မဖြစ်မနေ သွားလာရန် ရှိပါက အကြောင်းကြား ခွင့်ပြုချက် ယူထားရန် CDF- Kanpetlet က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly