အီသီယိုးပီးယားရဲ့မြို့တော် လပိုင်းအတွင်း မိမိတို့လက်ထဲ ကျရောက်နိုင်ဟု သူပုန်တွေ ပြော

အီသီယိုးပီးယားရဲ့မြို့တော် လပိုင်းအတွင်း မိမိတို့လက်ထဲ ကျရောက်နိုင်ဟု သူပုန်တွေ ပြော

နိုဝင်ဘာ ၄

အီသီယိုးပီးယားနိုင်ငံရဲ့ မြိုတော် အဒစ် အဘာဘာဟာ သီတင်းပတ်တွေအတွင်း မဟုတ်ရင်တောင် လပိုင်းအတွင်း ကျသွားနိုင်ကြောင်း တီဂရေးသူပုန်တွေနဲ့ မဟာမိတ်ပြုထားတဲ့ အိုရိုမိုအဖွဲ့တစ်ခုက နိုဝင်ဘာ ၃ ရက်မှာ အေအက်ဖ်ပီကို ပြောပါတယ်။

တချိန်တည်းမှာပဲ လက်ရှိ အီသီယိုးပီးယား အကျပ်အတည်းအရေး ဆွေးနွေးမှုတွေလုပ်ဖို့ အထူးသံတမန်တစ်ဦးကို ယင်းနိုင်ငံသို့ စေလွှတ်သွားမယ်လို့ ဝါရှင်တန်က ကြေညာခဲ့ပါတယ်။

အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီ အာမက်ဒ် အစိုးရကို တစ်နှစ်ကြာ တိုက်ခိုက်နေခဲ့တဲ့ တီဂရေး ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ဟာ ယင်းရဲ့ မဟာမိတ် အိုရိုမို လွတ်မြောက်ရေးတပ်ဖွဲ့ (OLA) နဲ့အတူ ပြီးခဲ့တဲ့ ရက်တွေအတွင်း နယ်မြေဧရိယာတွေကို သိသိသာသာ သိမ်းပိုက်တက်လှမ်းထားနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့ချိန် လူအစုအပြုံလိုက် သတ်ဖြတ်ခံရမှု၊ အုပ်စုလိုက် အဓမ္မပြုကျင့်မှု သတင်းတွေနဲ့အတူ ဆာလောင်ငတ်မွတ်မှု အကျပ်အတည်းတစ်ခုကလည်း ထွက်ပေါ်ထားခဲ့ပါတယ်။ ပါဝင်ပတ်သက်နေတဲ့ ဘက်ပေါင်းစုံကနေ "လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု" တွေ ကျူးလွန်နိုင်ခြေ ရှိကြောင်း ကုလ-အီသီယိုးပီးယား ပူးတွဲ အစီရင်ခံစာတစ်စောင်က သတိပေးခဲ့ပြီးနောက် အလွန်အမင်း လူမဆန်မှုတွေနဲ့ပတ်သက်လို့ ကုလလူ့အခွင့်အရေးအကြီးအကဲက နိုဝင်ဘာ ၃ ရက်မှာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အာဖရိက ဦးချိုဒေသဆိုင်ရာ အထူးသံတမန် ဂျက်ဖရီ ဖယ်တ်မန်းကို ယခုအပတ်ထဲ အီသီယိုးပီးယားနိုင်ငံကို စေလွှတ်သွားဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။

၎င်းဟာ နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်တို့မှာ ဆွေးနွေးမှုတွေ လုပ်မှာဖြစ်ပြီး အီသီယိုးပီးယား နိုင်ငံသားအားလုံး ငြိမ်းချမ်းရေးအပေါ် နှစ်မြှုပ်လုပ်ကိုင်ဖို့နဲ့ နာကျည်းမကျေနပ်ချက်တွေနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးမှုတွေကနေတဆင့် ဖြေရှင်းကြဖို့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက် အစောပိုင်းကတော့ OLA ပြောရေးဆိုခွင့်ရှိသူ အိုဒါ တာဘီးက ၎င်းတို့အဖွဲ့အနေနဲ့ ဝန်ကြီးချုပ် အဘီရဲ့ အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ထားကြောင်းနဲ့ အဘီ အစိုးရ ဖြုတ်ချခံရဖို့က မြေကြီး လက်ခတ် မလွဲတဲ့ အရာ ဖြစ်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

"အခြေအနေတွေက လက်ရှိအနေအထားအတိုင်းသာ ဆက်သွားမယ် ဆိုရင် သီတင်းပတ်တွေအတွင်း မဟုတ်ရင်တောင် လပိုင်းအတွင်း ကျွန်တော်တို့ မှန်းထားတာတွေ ဖြစ်ပါလိမ့်မယ်" လို့ ၎င်းက ပြောခဲ့ပါတယ်။

ဒီမတိုင်မီ အီသီယိုးပီးယား အစိုးရက နိုဝင်ဘာ ၂ ရက်မှာ နိုင်ငံတဝန်း အရေးပေါ် အခြေအနေတစ်ရပ် ကြေညာထားခဲ့ပြီး အဒစ် အဘာဘာ မြို့ခံပြည်သူတွေကိုလည်း ၎င်းတို့၏ နေထိုင်ရာအရပ်ဒေသကို ကာကွယ်နိုင်အောင် ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံသားတွေအနေနဲ့ စစ်ပွဲအားထုတ်မှုကို ထောက်ခံကြဖို့ ဝန်ကြီးချုပ် အဘီက နိုဝင်ဘာ ၃ ရက်မှာ တိုက်တွန်းခဲ့သလို သူပုန်တွေဟာ အီသီယိုးပီးယားကို လစ်ဗျားနဲ့ ဆီးရီးယားလိုမျိုး ဖြစ်အောင် ကြိုးပမ်းနေတယ်လို့လည်း ၎င်းက စွပ်စွဲခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေတွေအောက်မှာ အီသီယိုးပီးယားနိုင်ငံဟာ ပြိုလဲသွားမှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် အဘီ အာမက်ဒ်က နိုဝင်ဘာ ၃ ရက်မှာ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly