ပုသိမ်မြို့က CDM ယာဉ်ထိန်းရဲနှင့် ၎င်း၏ဖခင်ဖြစ်သူကို စစ်‌ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွား

ပုသိမ်မြို့က CDM ယာဉ်ထိန်းရဲနှင့် ၎င်း၏ဖခင်ဖြစ်သူကို စစ်‌ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွား

နိုဝင်ဘာ ၄

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရာမည ( ၁၀ ) လမ်းတွင်နေထိုင်သူ ပုသိမ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ CDM ပြုလုပ်ထားသည့် ရဲတပ်သား ဧပရယ်ထွန်းနှင့် ၎င်း၏ ဖခင်ဖြစ်သူကို အောက်တိုဘာ ၂၉ ရက်တွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ပုသိမ်မြို့၊ မြကျွန်းသာ မီးပွိုင့်ထိပ် ယာဉ်ထိန်းရုံးတွင် အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက တာဝန်ကျနေသော ယာဉ်ထိန်းရဲ နှစ်ဦးအား ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းပြီးနောက် ထိုယာဉ်ထိန်းရဲနှစ်ဦး သေဆုံးသည့်ကိစ္စနှင့် ပတ်သက်သည်ဟုဆိုကာ ကိုဧပရယ်ထွန်းကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အဲဒီ အဖမ်းခံရတဲ့ CDM ယာဉ်ထိန်းရဲက ကျွန်တော်တို့အဖွဲ့နဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ယာဉ်ထိန်းရဲနှစ်ယောက်ကို ကျွန်တော်တို့အဖွဲ့နဲ့ ပူးပေါင်းပြီး ရှင်းလင်းခဲ့တာက CDM Police Defance Force (Ayeyarwady)ဆိုပေမဲ့ အဲဒီအဖွဲ့ထဲမှာ ယာဉ်ထိန်းရဲတစ်ယောက်မှ မပါပါဘူး။ လုပ်တဲ့သူကို မမိလို့ ရူးကြောင်ကြောင်အကွက်တွေနဲ့ တွေ့တဲ့သူ လိုက်ဖမ်းနေတာပါ"ဟု ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသူ ကိုဧပရယ်ထွန်းသည် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသော်လည်း ရှောင်တိမ်းနေထိုင်ခြင်း မရှိဘဲ ပုသိမ်မြို့ ရာမညရပ်ကွက်ရှိ ၎င်း၏ ဖခင်နေအိမ်တွင်သာ နေထိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် CDM ယာဉ်ထိန်းရဲ ကိုဧပရယ်ထွန်းနှင့် ၎င်း၏ဖခင်ဖြစ်သူတို့ကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း၊ ဖမ်းဆီးခံရပြီး နောက်ပိုင်း မိသားစုများနှင့် တွေ့ခွင့်မရသေးကြောင်း ရာမည ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly