ပါကစ္စတန်၏ ခိုင်ဘာ ပက်ခ်တွန်ခဝါဒေသတွင် အကြမ်းဖက်သမားများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

By Indiablooms
04 November 2021
ပါကစ္စတန်၏ ခိုင်ဘာ ပက်ခ်တွန်ခဝါဒေသတွင် အကြမ်းဖက်သမားများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါဒေသတွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု၊ ခြုံခို တိုက်ခိုက်မှု၊ ဗုံးခွဲတိုက်ခိုက်မှုတို့ကြောင့် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မီဒီယာ သတင်းများအရ သိရသည်။ အဆိုပါ ခိုင်ဘာ ပက်ခ်တွန်ခဝါ ဒေသတွင် ယခုနောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဥ် ဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်တက်နေသည်ဟုလည်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင်းရှိ အကြမ်းဖက်သမားများသည် အောက်တိုဘာ ၂၆ ရက် နှင့် ၂၇ ရက် ညပိုင်းတို့တွင် ကာရမ်ဒေသရှိ ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တလျောက် စည်းရိုးအကာအရံကို ကျော်ဖြတ်ရန် ကြိုးပမ်းခဲ့စဥ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ချက်ချင်းဆိုသလို အဆိုပါ အကြမ်းဖက်သမားများကို ပစ်ခတ် တုံ့ပြန်ခဲ့ရပြီး ၎င်းတို့၏ ကြိုးပမ်းမှုများကို တားဆီးခဲ့ရကြောင်း စစ်တပ်၏ မီဒီယာဌာနတစ်ခုဖြစ်သည့် မီဒီယာနှင့် အများပြည်သူ ဆက်ဆံရေးဌာန (ISPR) ကို ကိုးကားပြီး Dawn News က ဖော်ပြသည်။

အပြန်အလှန် ပစ်ခတ်မှုများအတွင်း ကာရမ် ဒေသခံတစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်ရှိ လန့်စ် နိတ်ခ် အေဆက်ဒ် အလီ နှင့် လက်ကီ မာဝက် ဒေသခံ အသက် ၂၁ နှစ်ရှိ ဆီပွိုင် အေဆစ်ဖ် တို့ သေဆုံးခဲ့ကြောင်း ISPR ၏ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၂၆ ရက် ညပိုင်းက မီအန်ဝါလီနှင့် လက်ကီ မာဝက်ကို ဆက်သွယ်ထားသည့် အသွားအလာများသည့် လမ်းတစ်လမ်းတွင် ကင်းလှည့်နေသည့် အဖွဲ့တစ်ခုကို အကြမ်းဖက်သမားများက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် နယ်မြေခံရဲတပ်ဖွဲ့ဝင် လေးဦး အသက်ပေးခဲ့ကြရကြောင်း Dawn News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly