ပါကစ္စတန်၌ ပိတ်ပင်တားမြစ်ခံ TLP အုပ်စု၏ အဖွဲ့ဝင်များက ဂူရန်ဝါလာကနေ အစ္စလမ်မာဘတ်သို့ ချီတက်ဆန္ဒပြ

By Indiablooms
04 November 2021
ပါကစ္စတန်၌ ပိတ်ပင်တားမြစ်ခံ TLP အုပ်စု၏ အဖွဲ့ဝင်များက ဂူရန်ဝါလာကနေ အစ္စလမ်မာဘတ်သို့ ချီတက်ဆန္ဒပြ

ပါကစ္စတန်နိုင်ငံတွင် တရားဝင် ပိတ်ပင်တားမြစ်ခံထားရသည့် Tehreek-i-Labbaik Pakistan (TLP) အုပ်စု၏ အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၉ ရက်က ဂူရန်ဝါလာမြို့ကနေ အစ္စလမ်မာဘတ်မြို့သို့ ဦးတည်ချီတက်ခဲ့ကြခြင်းကြောင့် နိုင်ငံသည် တင်းမာသော အခြေအနေအခိုက်အတန့်များနှင့် ထပ်မံ ကြုံတွေ့ရနိုင်သည် ဆိုသည့် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ (TLP) အဖွဲ့သည် ပြင်သစ် မဂ္ဂဇင်းတစ်စောင်က တမန်တော် မိုဟာမက်၏ ကာတွန်းရုပ်ပြောင်ပုံ ဖော်ပြမှုအတွက် ပြင်သစ်သံအမတ်ကို နှင်ထုတ်ရေး တောင်းဆိုနေသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

ချီတက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများသည် ဂျီတီ ပင်မလမ်းမပေါ်ရှိ အများပြည်သူဘတ်စ်ကားဂိတ်အနီး ညအိပ်နားနေခဲ့ကြပြီး ၎င်းတို့၏ ချီတက်မှုကို နောက်တနေ့ မနက်ပိုင်းတွင် ပြန်စခဲ့သည်။ တချိန်တည်းမှာပင် အဆိုပါ (TLP) အဖွဲ့၏ ဆန္ဒပြ ချီတက်မှုကို ဖျက်သိမ်းရန်နှင့် မဖျက်သိမ်းပါက "အကျိုးဆက်များ" နှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ရှိတ် ရာရှစ်ဒ် အာမက်ဒ်က အောက်တိုဘာ ၂၈ ရက် ညပိုင်းက သတိပေးထားခဲ့သည်ဟု Dawn News က ဖော်ပြသည်။

ပူးပေါင်းပါဝင်သူ ၅,၀၀၀ ခန့် ရှိသည့် အဆိုပါ စုဝေးချီတက်သူများသည် သောကြာနေ့ ဝတ်ပြုဆုတောင်းရန် ရာဝါလီတွင် ရပ်နားခဲ့ပြီးနောက် ဂူဂျ်ရတ်-ချီနက်ဘ် တိုးဂိတ်သို့ ရောက်ရှိခဲ့ကြသည်ဟု ပါကစ္စတန်သတင်းစာက ဖော်ပြသည်။

ယင်းဧရိယာတွင် ရဲတပ်ဖွဲ့ဝင် အင်အားအများအပြား ဖြန့်ကျက်ထားသည်ဟု သိရသည်။

အစ္စလမ်မာဘတ်သို့ ရောက်ရှိမည့် ချီတက်မှုအတွက် တစ်ခုတည်းသော လမ်းကြောင်းရှိ ချီနက်ဘ်နှင့် ဂျ်ဟီလမ် မြစ်များတွင် ထူထောင်ထားရှိသည့် အဓိက လုံခြုံရေးစစ်ဆေးရေးနေရာနှစ်ခု၌ TLP နှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့မှု ဖြစ်နိုင်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက အစောပိုင်းက Dawn News ကို ပြောသည်။

ယခုတကြိမ်တွင် ရိန်ဂျာများက ကွပ်ကဲမှုကို ဦးဆောင်မည်ဖြစ်ပြီး တချိန်တည်းမှာပင် အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် သတိပေးချက်တစ်ခုအောက်တွင် ပြည်နယ်အတွင်း ရိန်ဂျာတပ်ဖွဲ့ဝင်များကို အစိုးရက ဖြန့်ကျက်ခဲ့ပြီးနောက်ပိုင်း ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက် ဂိုက်လိုင်းများနှင့်အညီ ပန်ဂျပ် ရဲတပ်ဖွဲ့က ၎င်းတို့ကို ထောက်ကူပေးမည်ဖြစ်သည်။

တချိန်တည်းမှာပင် တားမြစ်ပိတ်ပင်ခံ TLP အဖွဲ့ အစ္စလမ်မာဘတ်သို့ ချီတက်မှုကို အဆုံးသတ်စေရန် အစိုးရနှင့် Tehreek-i-Labbaik Pakistan (TLP) ထိန်းသိမ်းခံခေါင်းဆောင် ဆက်ဒ် ဟူစိန် ရစ်စ်ဗီ တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်နေသည်ဟု ပြည်ထဲရေးဝန်ကြီး ရှိတ်ခ် ရာရှစ်ဒ် အာမက်ဒ်က အောက်တိုဘာ ၂၉ ရက်တွင် ပြောသည်။

Tehreek-i-Labbaik Pakistan (TLP) ကို စစ်သွေးကြွ အဖွဲ့အစည်းတစ်ခုအဖြစ် သဘောထားဆက်ဆံလိမ့်မည်ဟု ပါကစ္စတန်၏ ပြန်ကြားရေးနှင့် ရုပ်သံထုတ်လွှင့်မှု ဖက်ဒရယ်ဝန်ကြီး ဖာဝက်ဒ် ချောက်ဒ်ဟရီက အောက်တိုဘာ ၂၇ ရက်က ပြောသည်။

TLP သည် အစိုးရဆန့်ကျင်သော အကြောင်းအရာများကို ထောက်ခံပြီး ပရမ်းပတာအခြေအနေများကို ဖန်တီးရင်း နိုင်ငံ၏ အမိန့်ညွှန်ကြားချက်များကို စိန်ခေါ်ရန် ဆက်တိုက် လုပ်ဆောင်နေလိုဟန် ရှိမှုကြောင့် ယင်းအနေဖြင့် အထက်ပါ ပုံစံအတိုင်း ဆက်ဆံခံရလိမ့်မည်ဟု ၎င်းက ပြောသည်။

"အောက်တိုဘာ ၂၆ ရက်က ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းရဲ့ ဦးဆောင်မှုအောက်မှာ ကျင်းပပြီး ပါကစ္စတန်စစ်တပ် ခေါင်းဆောင်တွေ၊ ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ အကြီးအကဲတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေအားလုံး တက်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ရှင်းလင်းတဲ့ မူဝါဒ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်၊ ဒါကတော့ Tehreek-i-Labbaik Pakistan ကို စစ်သွေးကြွအဖွဲ့တစ်ခုအဖြစ် ဆက်ဆံသွားမယ် ဆိုတာပါပဲ" ဟု ပြန်ကြားရေးဝန်ကြီးက အစိုးရဝန်ကြီးအဖွဲ့အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့ကြောင်း The Express Tribune က ဖော်ပြသည်။

"ဒီ အဖွဲ့အစည်းကို နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ကျွန်တော်တို့ သဘောထားမှာမဟုတ်ပါဘူး" ဟု ၎င်းက ပြောခဲ့သည်။ တချိန်တည်းမှာလည်းပဲ ယင်းနှင့်ပတ်သက်ပြီး အခြား သက်ဆိုင်ရာ ဌာနများ ၊ အထူးသဖြင့် ပါကစ္စတန်ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍကနေ ပါဝင်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly