ထိုင်းနိုင်ငံရောက် မြန်မာများရဲ့ အခြေအနေအမှန်

ထိုင်းနိုင်ငံရောက် မြန်မာများရဲ့ အခြေအနေအမှန်

ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှုကိစ္စ ဟိုးလေးတကျော်ဖြစ်လာတဲ့အခါ ထိုင်းနိုင်ငံရောက် မြန်မာ များရဲ့ အခြေအနေအမှန်ကို သိရှိဖို့ လိုအပ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာများရဲ့ ၉၀ ရာခိုင် နှုန်းကျော်ဟာ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ဖို့ ရောက်လာကြတဲ့သူတွေပဲ ဖြစ်ပါ တယ်။

အခုဆိုရင် ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားအရေအတွက်ဟာ ၂ သန်းအထိ ရှိနေပြီလို့ အစိုးရနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းများက ခန့်မှန်း တွက်ချက်ထားကြပါတယ်။ ဒါပေမယ့် လည်း သည့်ထက်ပိုပြီး များနိုင်စရာပဲရှိတယ် သည့်ထက် နည်းနိုင်စရာ မရှိဘူးလို့လည်း ပြောကြပါ တယ်။

မြန်မာနိုင်ငံရဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်များဟာ ထိုင်းနိုင်ငံနဲ့ ကပ်လျက် တည်ရှိတဲ့ ပြည်နယ်များပဲ ဖြစ်ပါတယ်။ အဲဒီပြည်နယ်တွေမှာ အခုဆိုရင် လယ်ယာလုပ်ကိုင်နိုင်တဲ့ လူငယ်လူရွယ်တွေ ထိုင်းနိုင်ငံထဲ အကုန်လုံးနီးပါး ဝင်သွားကြပြီဖြစ်လို့ အဲဒီမှာရှိတဲ့ လယ်ယာအလုပ် တွေကို ပြည်တွင်း တခြားဆင်းရဲနွမ်းပါးတဲ့ ကျေးရွာတွေကလူတွေ သွားရောက် အလုပ်လုပ်ကိုင်နေ ကြရတာ ကြာပါပြီ။ အဲဒီပြည်နယ်တွေမှာ အသက်ကြီးသူနဲ့ ကျောင်းနေအရွယ် ငယ်ရွယ်သူများသာ အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့ကြပြီး အလုပ်လုပ်ကိုင်နိုင်တဲ့ အရွယ်ဟူသမျှ ထိုင်းနိုင်ငံကိုပဲ သွားရောက် အလုပ်လုပ်ကိုင်ကြပါတယ်။

အခုဆိုရင် အဲဒီပြည်နယ် သုံးခုတွင်မက မြန်မာပြည် အရပ်ရပ်ပေါင်းစုံက အလုပ်လုပ်ကိုင်နိုင်တဲ့ အရွယ်တွေ နေ့စဉ်နဲ့အမျှ ထိုင်းနိုင်ငံဘက်ဆီ သွားနေကြပြီ ဖြစ်ပါတယ်။ ခြုံကြည့်ရင် တနိုင်ငံလုံးအနှံ့ ထိုင်းနိုင်ငံဆီ သွားပြီး အလုပ်လုပ်ကိုင်နေကြရပါပြီ။ အရင်တုန်းက ကျေးလက်နဲ့မြို့ပြက ပညာမတတ် ဆင်းရဲသားများသာ ထိုင်းကို သွားနေခဲ့ရာက အခုဆိုရင် တက္ကလိုလ်က ကထိကကအစ ရုံးဝန်ထမ်း လူလတ်တန်းစား အဆုံး ထိုင်းနိုင်ငံကို သွားနေကြရပါပြီ။

ထိုင်းနိုင်ငံထဲမှာ ဘယ်လိုအလုပ်တွေကို မြန်မာတွေ လုပ်ခွင့်ရကြသလဲ။ အနိမ့်ဆုံး အိမ်ဖေါ်နဲ့ စက်ရုံမှာ အလုပ်သမားခေါင်း အဆင့်လောက်သာရှိတဲ့ အောက်ခြေသိမ်း အလုပ်ကြမ်း ဟူသမျှကိုပဲ လုပ်ခွင့်ရကြတာပါ။ တခြားနည်းလမ်း ပေါင်းစုံနဲ့ အသက်မွေးဝမ်းကျောင်း ကြတာတွေလည်း ရှိပါသေး တယ်။ မူးယစ်ဆေးဝါးရောင်းကြ၊ လူကုန်ကူးကြအစရှိတဲ့ ဥပဒေနဲ့မညီတဲ့ အလုပ်တွေလည်း လုပ်ကြ ပါတယ်။ ဒီလိုအလုပ်မျိုးတွေကလည်း ထိုင်းတွေဟာ မြန်မာနိုင်ငံသားတွေမပါပဲ လုပ်လို့မရလောက် အောင် လိုအပ်ချက်က ရှိနေတော့ ဒီလိုအလုပ်နဲ့ ပတ်သက်ပြီး ပြဿနာဖြစ်တာနဲ့ တပြိုင်နက် မြန်မာ တွေချည်းပဲ လှိမ့်ခံရတဲ့ အခြေအနေမျိုးပါပဲ။

စက်ရုံတွေထဲမှာ အလုပ်သမား ၂ မျိုးရှိပါတယ်။ တစ်မျိုးက အလုပ်သမား လက်မှတ်ရှိပြီး နောက်တမျိုးက အလုပ်သမား လက်မှတ်မရှိတဲ့ အလုပ်သမားတွေပါ။ ဒါ စက်ရုံတိုင်းပါပဲ။ အထူးသဖြင့် နယ်စပ်ဒေသ စက်ရုံတွေမှာ ဒီပုံစံအတိုင်း အကုန်လုံးပါပဲ။ လက်မှတ်မရှိတဲ့ မြန်မာအလုပ်သမားတွေ ဟာ အချိန်တိုင်းလို သတိဝီရိယနဲ့ နေကြရပြီး ထိုင်းပုလိပ်လာရင် အမြဲတန်း နီးစပ်ရာ တောတွေတောင် တွေထဲ ပြေးဝင် ပုန်းအောင်းကြရတာ ချည်းပါပဲ။

လက်မှတ်ရှိတဲ့ မြန်မာအလုပ်သမားတွေ ဆိုတာကလည်း စက်ရုံထဲကနေပြီး ဘယ်ကိုမှ သွားခွင့် မရှိပါဘူး။ သွားလို့ရတယ်ဆိုရင်လည်း အဲဒါ တမင်မဖမ်းပဲထားလို့ သွားလို့ရတဲ့ သဘောပါပဲ။ တကယ်တော့ စက်ရုံအလုပ်သမားတွေဟာ စက်ရုံပါတ်ဝန်းကျင်ကလွဲပြီး ဘယ်ကိုမှ သွားခွင့်မရှိပါဘူး။

အိမ်ဖေါ်လုပ်ကြရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ဘဝဟာ ဘာမှ ရေရာတိကျတာ မရှိပါဘူး။ လုပ်ခ လစာဆိုတာ ပေးသမျှပါပဲ။ သတ်မှတ်ချက် မရှိပါဘူး။ ဖြုတ်တာခန့်တာ အားလုံး အိမ်ရှင်နဲ့ စက်ရုံပိုင် ရှင်ရဲ့ သဘောအပေါ်မှာပဲ မူတည်ပါတယ်။ ဒီကြားထဲ စက်ရုံပိုင်ရှင်တွေရဲ့ လက်ပါးစေ လူမိုက်တွေ ပုလိပ်တွေရဲ့ အချိန်မရွေး အနိုင်ကျင့် ဗိုလ်ကျမှုကိုလည်း ခံကြရပါတယ်။

သည်လိုအခြေအနေတွေအောက်မှာ ဘာပြုလို့ ထိုင်းကိုသွားပြီး အလုပ်လုပ်နေကြရသလဲလို့ မေးစရာ ရှိပါတယ်။ တကယ်တော့ ဘယ်လိုအခြေအနေမျိုးတွေပဲ ရှိနေပါစေ ထိုင်းတို့ပေးသမျှ လုပ်အားခတွေက မြန်မာပြည်ထဲမှာလုပ်တဲ့ လုပ်အားခထက် မြန်မာငွေနဲ့တွက်ရင် အနည်းဆုံး ဆယ်ဆလောက် ပိုရတဲ့သဘောမို့ အန္တရယ်တွေကြားထဲကပဲ အလုပ်လုပ်ဖို့ သွားနေကြရတဲ့ သဘော ပါပဲ။ ပြီးတော့ နေရေးထိုင်ရေး စားရေး ဝတ်ရေးကလည်း ကိုယ့်နိုင်ငံမှာထက် သာတဲ့အတွက်လည်း သွားနေကြတာပါ။

ဒါတွေကို နိဂုံးချုပ်မယ်ဆိုရင် မိမိတို့တိုင်းပြည် စီးပွားရေးမကောင်းလို့ ဆင်းရဲလွန်းလို့သာ အခု လို သူတပါးတိုင်းပြည်သွားပြီး ကျွန်ခံကြရတဲ့ သဘောဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့်မို့ လိပ်ကျွန်း လူသတ်မှုလို မတရားအလုပ်ခံရတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အခါ မိမိတို့က နည်းမှန် လမ်းမှန် တွက်ချက် ဖြေရှင်းတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဘာ့ကြောင့် မိမိတို့လူမျိုးတွေ သူတပါး တိုင်းပြည်သွားပြီး အလုပ်လုပ်ကိုင် နေကြရသလဲ။ ဘာ့ကြောင့် ငါတို့လူမျိုးတွေ မတရား အလုပ် လုပ်ခံနေရသလဲ။ ဒီလို တိုင်းတပါးသွားပြီး အလုပ်မလုပ်ရအောင် ငါတို့ဘယ်လို လုပ်ကြရမလဲ။

ဒီလို ဂဃနဏ စဉ်းစားကြမှသာ နောင်အရှည်မှာ မိမိတို့လူမျိုးတွေ တိုင်းတပါးသွား ကျွန်ခံရတဲ့ အလုပ်မျိုးနဲ့ သူတပါးရဲ့ မတရားလုပ်မှုတွေ မခံရစားရလောင် မှန်ကန်စွာ နည်းလမ်းရှာနိုင်ကြမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly