ထိုင်းနိုင်ငံတွင် မြန်မာနှစ်ဦး သေဒဏ်ချခံရမှုအပေါ် အစိုးရ၏ ကူညီမှု လုံလောက်မှုမရှိဟု ခံစားရ

ထိုင်းနိုင်ငံတွင် မြန်မာနှစ်ဦး သေဒဏ်ချခံရမှုအပေါ် အစိုးရ၏ ကူညီမှု လုံလောက်မှုမရှိဟု ခံစားရ
ဓာတ်ပုံ- အီးပီကေ

ဒီဇင်ဘာ ၂၆ ။                ။ ထိုင်းနိုင်ငံ၊ ကော့စမွီကျွန်း၌ ဗြိတိန်စုံတွဲအားသတ်သည်ဟုဆိုကာ မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ် ချမှတ်မှုအပေါ် မြန်မာအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုမှာ လုံလောက်မှုမရှိဟု ခံစားရကြောင်း ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က မဇ္ဈိမသို့ ပြောကြားသည်။

'မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံတွေကို အကြောင်းကြောင်းကြောင့် ရောက်သွားပြီး ပြဿနာဖြစ်ရင် ယခင်အစိုးရအဆက်ဆက်က ဘာမှဆောင်ရွက်ပေးတာ မရှိဘူး။ မိမိတို့လူတွေဘဲ ခံခဲ့ရတယ်။ အခု အစိုးရက တတ်နိုင်သလောက် ဆောင်ရွက်ပေးတာရှိတယ်။ သို့သော် လုံလောက်မှုမရှိဘူးလို့ ခံစားရ တယ်။ ကျွန်တော်တို့နိုင်ငံသားတွေအတွက် အကာအကွယ်ပေးဖို့လိုတယ်။'' ဟု ၎င်းကပြောသည်။

အမှုနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ စဉ်ဆက်မပျက် လေ့လာခဲ့ပြီး ပြစ်ဒဏ်ချခံရသည့် လူငယ် နှစ်ယောက်အား ဆက်လက်ကူညီပံ့ပိုးရန် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်မှ လည်း ဖြစ်နိုင်သည့်နည်းလမ်းများနှင့် ပူးပေါင်းပေးရန် သမ္မတနှင့် အစိုးရအား တိုက်တွန်းမည်ဟုလည်း ဦးအေးသာအောင်က ပြောကြားသည်။

ဥပဒေအထောက်အကူပြုအဖွဲ့ (Legal Aid Center) မှ ပရိုဂရမ်ဒါရိုက်တာ ဦးကျော်မြင့်ကလည်း ''အခုကတော့ ကိုယ့် အစီအစဉ်နဲ့ ကိုယ်လုပ်နေကြတယ်။ အစိုးရကလည်း ကိုယ့်နိုင်ငံသားကို ကူညီပေးဖို့ တာဝန်ရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပါတယ်။ လောလောဆယ်တော့အစိုးရက ပူးပေါင်းပါဝင်မှုအားနည်းတယ်လို့ ပြောလို့ရတယ်။ သူတို့ဘက်မှာအချက်အလက်တွေလည်း အားနည်း နေသေးလို့နေမှာပါ။'' ဟု မဇ္ဈိမသို့ပြောသည်။

Legal Aid Center သည် ထိုင်းနိုင်ငံရှိ CSO အဖွဲ့ဖြစ်သော MWRN နှင့် HRDF အဖွဲ့များနှင့် ပူးပေါင်း၍ အယူခံတက်ရန် ကြိုးစားလုပ်ဆောင်နေပြီး အစိုးရနှင့် လောလောဆယ် ပူးပေါင်းဆောင်ရွက်မှု မရှိသေးပါဟု ၎င်းကဆိုသည်။

''ဦးတို့ Legal Aid Center ရယ်၊ MLAW (Myanmar Laws) ရယ် ပူးပေါင်းလုပ်ဆောင်နေတယ်။ နောက် အရှေ့တောင်အာရှ (၇) နိုင်ငံပေါင်းထားတဲ့အဖွဲ့ SEALAW (South East Asia Laws) ကိုလည်း ဘယ်လိုအတိုင်းအတာထိကူညီလို့ရမလဲဆိုတာ အီးမေးလ်ပို့ပြီးအကြောင်းကြားထားပြီ။'' ဟု SEALAW အဖွဲ့၌လည်း မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မြင့်က ပြောသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံသားနှစ်ဦးအနေ နှင့်ထိုင်းနိုင်ငံဥပဒေနှင့်အညီ အယူခံခွင့်အဆင့်ဆင့် ဆောင်ရွက်နိုင်ရန် မြန်မာအစိုးရအနေဖြင့် ကူညီ ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှလည်း ထိုင်းနိုင်ငံရှိမြန်မာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က ရေးသားထားသည်။

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ''ယနေ့ချမှတ်ခဲ့သော စီရင်ချက်အတွက် High Court သို့ ဆက်လက်အယူခံတင်ပြမည်။ ထို့နောက် ထိုင်းနိုင်ငံတရားလွှတ်တော်သို့   ပြစ်ဒဏ်လျှော့ပေါ့   ပေးရေးအတွက် ဆက်၍အယူခံဝင်နိုင်ရေး ဆောင်ရွက်မည်။ လိုအပ်လျှင် ထိုင်းဘုရင့်ကောင်စီသို့ ဆက်လက်တင်ပြကာ ပြစ်ဒဏ်သက်သာခွင့် အယူခံတင်ပြခြင်းများ ဆက်လက်ဆောင်ရွက်ရမည်။'' ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required