ကလေးမြို့ တောင်ဘက်ခြမ်းရှိ ရွာများကို စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်၊ မီးရှို့ လုယက် ဖျက်ဆီးမှုများ လုပ်နေ

By စန်းကျိန်
03 November 2021
ကလေးမြို့ တောင်ဘက်ခြမ်းရှိ ရွာများကို စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်၊ မီးရှို့ လုယက် ဖျက်ဆီးမှုများ လုပ်နေ

နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင်ရှိသော ရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးကာ အသုံးအဆောင်ပစ္စည်းများ လုယက်ယူဆောင်‌ နေကြောင်း ဒေသခံများက ပြောသည်။

နတ်ချောင်း‌ ကျေးရွာ၊ နတ်မြောင်းကျေးရွာနှင့် ချောင်းခွ ကျေးရွာများတွင် ယင်းသို့ ပြုလုပ်နေခြင်းဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ ၂ရက် မွန်းတည့် ၁၂ နာရီခန့်မှ စ၍ ယနေ့ နိုဝင်ဘာလ ၃ရက် နေ့လယ် ၂ နာရီထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"မနေ့က ၁၂ နာရီလောက်ကစ တိုက်ပွဲဖြစ်တာ၊ ခု နေ့လယ် ၂ နာရီထိ လက်နက်ကြီးနဲ့ ပစ်နေတုန်းပဲ။ လက်နက်ကြီးသံကတော့ မရေမတွက်နိုင်ပဲ။ နတ်ချောင်းမှာ အသက်ငယ်ငယ် မိန်းကလေးတစ်ယောက်နဲ့ အသက်ကြီးတဲ့ လူကြီးတစ်ယောက် ဆုံးသွားတယ်။ နေအိမ်တွေလည်း မီးရှို့နေပြီ။ မီးခိုးတွေ မြင်ရတယ်။ စတိုးဆိုင်တွေလည်း ဖောက်ခံရတာ၊ ပုလင်းခွံတောင်မချန်ဘဲ ယူသွားတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

နတ်မြောင်းရွာက ဦးကြည် ဆီဆိုင်ရှိ ဆိုလာ၊ ဘက်ထရီအိုး၊ အပေါ်စက်၊ အောက်စက်များနှင့် စက်သုံးဆီများကို စစ်ကောင်စီတပ်က ခိုးယူသွားကြပြီး ဆီကန်ဘေး၌လည်း လက်နက်ကြီး ကျခဲ့ကြောင်း၊ သို့သော်လည်း ဆီကန်ထိခိုက်မှု မရှိခဲ့ဟု ဒေသခံများက ဆိုသည်။

"မနက် မျက်စိနှစ်လုံး မပွင့်သေးဘူး။ ပစ်သံ၊ ဗုံးသံက အရင်ကြားရတယ်။ မနက်စောစော လက်နက်ကြီးနဲ့ တစ်ချက် ပစ်ပြီးပြီ။ ရွာသူရွာသားတွေ အကုန် ဘုန်းကြီးကျောင်းမှာပဲ ပုန်းခို နေရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ အချိန်ထိ နတ်ချောင်း၊ နတ်မြောင်း နှင့် ချောင်းခွ ရွာများတွင် စစ်ကောင်စီတပ်က လူနေအိမ်များ ဖောက်ထွင်းခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ကစ၍ နှစ်ရက်နီးပါး ဖြစ်ပွားခဲ့သည့် ယခုပစ်ခတ်မှုများတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက် မရှိခဲ့ဘဲ စစ်ကောင်စီဘက်မှ ခုနှစ်ဦး သေဆုံးခဲ့သည်ဟု Kalay- PDF တပ်ရင်း (၂) မှ ပြောရေး ဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။

နောက်ဆက်တွဲ ထွက်ပေါ်နေသော သတင်းများအရ စစ်ကောင်စီ တပ်သား အယောက် ၅၀ ကျော် သေဆုံးသည်ဟု ဆိုသော်လည်း မဇ္ဈိမက သီးခြား အတည်မပြုနိုင်သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required