ချင်းလူထုအပေါ် စစ်ကောင်စီက “ကြောက်မက်ဖွယ်ကောင်း သော လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေ” ဟု KNPP ထုတ်ပြန်

ချင်းလူထုအပေါ် စစ်ကောင်စီက “ကြောက်မက်ဖွယ်ကောင်း သော လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေ” ဟု KNPP ထုတ်ပြန်

နိုဝင်ဘာ ၃

ချင်းပြည်နယ်တွင် ပြည်သူလူထုများ၊ လူနေအိမ်များနှင့် ခရစ်ယာန်ကျောင်းများကို စစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေပြီး “ကြောက်မက်ဖွယ်ကောင်းသော လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်နေသည်” ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဗဟိုဌာနချုပ်က ယနေ့ နိုဝင်ဘာလ ၃ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ချင်းပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်အတူ လူနေအိမ်နှင့် ခရစ်ယာန်ဘုရားကျောင်းများအား ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် လူမျိုးတုံး သတ်ဖြတ်နေမှု လုပ်ရပ်များကဲ့သို့ ကရင်နီပြည်နယ်တွင်လည်း အလားတူလုပ်ရပ်များကို အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်နေသည်ဟု KNPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည့် နိုင်ငံရေးတောင်းဆိုမှုများအပေါ် ဥပေက္ခာပြု ဖျက်ဆီးရန်အတွက် တမင်ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း KNPP က ဆိုသည်။

ချင်းပြည်နယ်အပါအဝင် မြန်မာပြည်သူလူထုများအပေါ် စစ်ကောင်စီက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအား ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဒီမိုကရေစီလမ်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းနေကြသူများ အားလုံးနှင့် ပူးပေါင်း၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း KNPP က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက စတင်ပြီး ချင်းပြည်နယ်၊ ထန်တလန် မြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ မီးတင်ရှို့မှု များကြောင့် ဘုရားကျောင်း နှစ်ကျောင်း အပါအဝင် ရပ်ကွက်ငါးခုက လူနေအိမ် စုစုပေါင်း ၁၆၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများ ကောက်ယူထားသော စာရင်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required