အီမရန်ခန်း အစိုးရအနေဖြင့် ပါကစ္စတန်တာလီဘန်တို့ကို အားမပေးသင့်ဟု မာလာလာ ပြော

အီမရန်ခန်း အစိုးရအနေဖြင့် ပါကစ္စတန်တာလီဘန်တို့ကို အားမပေးသင့်ဟု မာလာလာ ပြော

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သည့် အစိုးရအနေဖြင့် တာလီဘန်တို့ကို စိတ်ဓာတ်တက်ကြွစေရန် အားပေးမှုမျိုး မပြုလုပ်သင့်ကြောင်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆွတ်ဇိုင်က ပြောဆိုခဲ့သည်။ မာလာလာသည် ကျောင်းသူအရွယ်က ပါကစ္စတန်တာလီဘန်တို့၏ ပစ်ခတ်မှုကို ခံခဲ့ရသူဖြစ်သည်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းသည် ပိတ်ပင်ထားသည့် Tehreek-i-Taliban Pakistan (TTP) ပါကစ္စတန်-တာလီဘန် ဦးဆောင်အဖွဲ့ ၏ အဖွဲ့တချို့နှင့်အကြား ဆွေးနွေးမှုများ လုပ်ခဲ့ပြီးနောက်တွင် မာလာလာက "ကျွန်မအမြင်ကတော့ ရှင်တို့အနေနဲ့ အခြားတစ်ဘက်ရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးအနက် ထည့်သွင်းစဥ်းစားသင့်တယ်လို့ ယုံကြည်လို့ ဒါမှမဟုတ် သူတို့ဟာ အင်အားကောင်းတဲ့ အဖွဲ့တစ်ခု ဖြစ်တယ်လို့ ယုံကြည်လို့ သူတို့နဲ့အကြား သဘောတူညီချက်တွေ ရယူဖို့ ဆွေးနွေးတာြဖစ်တယ်လို့ ထင်ပါတယ် " ဟု မာလာလာက Dawn News နှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

"ဒါပေမယ့် တာလီဘန်တွေဟာ အများပြည်သူလယ်ဗယ်အဆင့် ထောက်ခံမှုမျိုး ရှိမနေပါဘူး၊ ပါကစ္စတန်မှာရှိတဲ့ ဘယ်နေရာမှာမှ ပြည်သူတွေက သူတို့ဟာ တာလီဘန်အစိုးရတစ်ရပ်ကို လိုချင်ပါတယ်လို့ ပြောမနေပါဘူး၊ ဆိုတော့ ကျွန်မ အမြင်ကတော့ ကျွန်မတို့ဟာ ပါကစ္စတန် တာလီဘန်တွေကို အားမပေးသင့်ပါဘူး" ဟု သူမက ပြောသည်။

ယခုလအစောပိုင်းက အီမရန် ခန်းက ပြောကြားရာတွင် ၎င်းတို့အစိုးရသည် ပိတ်ပင်ခံ TTP ၏ အဖွဲ့တချို့နှင့်အကြား ဆွေးနွေးမှုများ လုပ်နေကြောင်း၊ အဆိုပါ အဖွဲ့များ လက်နက်ချစေရန်နှင့် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာရေး သဘောတူစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

တာလီဘန်တို့နှင့်ပတ်သက်ပြီး ယေဘုယျပြောကြားရာတွင် မာလာလာက ကောင်းသည့် တာလီဘန်၊ ဆိုးသည့် တာလီဘန် ဆိုပြီး ခွဲခြားမှု မလုပ်သင့်ကြောင်း ပြောခဲ့သည်။ "တာလီဘန်တွေနဲ့ပတ်သက်လို့ လူကောင်း၊ လူဆိုး ဆိုပြီး မခွဲခြားသင့်ပါဘူး၊ ဘယ်တာလီဘန်ပဲဖြစ်ဖြစ် သူတို့ရဲ့ အတွေးအမြင်က အတူတူပါပဲ၊ ဖိနှိပ်မှုတွေ လုပ်ဖို့၊ သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေတွေကို လိုက်နာစေအောင် အတင်းအကျပ်ခိုင်းစေဖို့ပဲ ဖြစ်ပါတယ်" ဟု မာလာလာ၏ ပြောကြားမှုကို Dawn News က ကိုးကားဖော်ပြသည်။

တာလီဘန်တို့သည် ဖိနှိပ်သည့် လုပ်ဆောင်ချက်များကို လုပ်ထားခဲ့ကြောင်း၊ ၎င်းတို့သည် အမျိုးသမီးများ၏ အခွင့်အရေး၊ မိန်းကလေးများ ပညာသင်ကြားမှုတို့ကို ဆန့်ကျင်သလို ၎င်းတို့၏ အုပ်ချုပ်မှုတွင် တရားမျှတမှု မရှိကြောင်း သူမက ထပ်လောင်း ပြောသည်။ သူမ နှစ်များစွာကြာ တိုက်ပွဲဝင်ထားခဲ့သည့် အကြောင်းအရာတစ်ခုဖြစ်သည့် မိန်းကလေးများ ပညာသင်မှုနှင့်ပတ်သက်ပြီး မေးမြန်းမှုကို မာလာလာက ဖြေကြားစဥ် သူမအနေဖြင့် အာဖဂန်နစ္စတန်ရှိ အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့သည်။

"အာဖဂန်နစ္စတန်မှာ မိန်းကလေးတွေ ပညာသင်မှုအပေါ် လက်ရှိ ယာယီ ပိတ်ပင်ထားမှုက တာလီဘန်တို့ရဲ့ အရင် ပထမလက်ထက်အတွင်းကလိုမျိုး အချိန်မကြာသင့်ပါဘူး၊ အဲဒီတုန်းကဆိုရင် ပိတ်ပင်မှုက ငါးနှစ်အထိ ကြာခဲ့ပါတယ်" ဟု သူမက ပြောသည်။ ယင်းအပေါ် စိုးရိမ်ပူပန်ကြောင်း သူမက ပြောခဲ့သည်။

"အရင် တခါကလိုမျိုး အုပ်ချုပ်မှုမျိုး ထပ်ဖြစ်လာမှာကို ကျွန်မတို့ မလိုလားပါဘူး" ဟု သူမက ပြောသည်။

သို့သော် တက်ကြွလှုပ်ရှားသူများနှင့် အာဖဂန်အမျိုးသမီးများဘက်က တာလီဘန်တို့အပေါ် ဖိအားပေးမှုက အပေါင်းလက္ခဏာဆောင်သည့် အချက်တစ်ခုဖြစ်ကြောင်း သူမက ပြောသည်။ သူမ၏ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်သည့် Malala Fund နှင့် အာဖဂန်နစ္စတန်ရှိ ယင်း၏ အခန်းကဏ္ဍ နှင့်ပတ်သက်ပြီး ပြောကြားရာတွင် မာလာလာက အဆိုပါ Malala Fund သည် ၂၀၁၇ ခုနှစ်ကစပြီး ယင်းတွင် လုပ်ဆောင်နေခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ဒစ်ဂျစ်တယ်နှင့် အမျိုးသမီး ပညာသင်ကြားမှုပိုင်းတွင် ကန်ဒေါ်လာ ၂ သန်း ရင်းနှီးမြှုပ်နှံထားခဲ့ကြောင်း သူမက ပြောခဲ့သည်ဟု Dawn News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly