ထရမ့်လက်ထက် ပါရီသဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်မှုအတွက် ဘိုင်ဒင် တောင်းပန်

ထရမ့်လက်ထက် ပါရီသဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်မှုအတွက် ဘိုင်ဒင် တောင်းပန်
Photo: : AFP

နိုဝင်ဘာလ ၂ ရက်

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု သဘောတူစာချုပ်တစ်ခုကနေ အမေရိကန်နုတ်ထွက်မှု ကိစ္စနဲ့ပတ်သက်လို့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၁ ရက်မှာ ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းပန်စကား ဆိုသွားခဲ့ပါတယ်။

ရာသီဥတု အကျပ်အတည်းအပေါ် တိုက်ဖျက်မှုကို စီးပွားရေးအခွင့်အလမ်းတစ်ခုအနေနဲ့ ရှုမြင်သင့်တယ်လို့ ဘိုင်ဒင်က ပြောပါတယ်။

ကမ္ဘာ့လေထုအပူချိန်ကို မြင့်တက်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လိုမျိုး ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို လျှော့ချရေး ကမ္ဘာတဝန်း လုပ်ဆောင်ဖို့ သဘောတူထားတဲ့ ပါရီ ရာသီဥတုသဘောတူစာချုပ်ကနေ အမေရိကန်ကို နုတ်ထွက်စေခဲ့တဲ့ ထရမ့်ကို ရည်ညွှန်းရင်း ဘိုင်ဒင်က ဂလက်စဂိုးမှာ ကျင်းပတဲ့ COP26 ဥတုရာသီညီလာခံမှာ ၎င်းအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောသွားခဲ့ပါတယ်။

"ကျွန်တော် မတောင်းပန်သင့်ဘူးလို့တော့ ထင်ပါတယ်၊ ဒါပေမယ့်လည်း အရင် အစိုးရလက်ထက်မှာ ပါရီသဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်မှု ကိစ္စအတွက် ကျွန်တော် တောင်းပန်ပါတယ်၊ အဲဒါက ကျွန်တော်တို့ကို ကသိကအောက်ဖြစ်စေတဲ့ အခြေအနေတစ်ခုမှာ ရောက်စေခဲ့ပါတယ်" လို့ ဘိုင်ဒင်က ပြောပါတယ်။

၎င်း ယခုနှစ် ဇန်နဝါရီမှာ သမ္မတရာထူး လက်ခံပြီးပြီးချင်း ပထမဆုံး လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေအနက် တစ်ခုကတော့ အမေရိကန်ကို ပါရီသဘောတူစာချုပ်ထဲ ပြန်ဝင်စေဖို့ လုပ်ဆောင်မှုဖြစ်တယ်လို့ ဘိုင်ဒင်က မှတ်ချက်ပြုပါတယ်။

သမ္မတဟောင်း ထရမ့်ကတော့ ဒီ ပါရီသဘောတူညီချက်ဟာ အလုပ်အကိုင်တွေကို ဆုံးရှုံးစေတယ်လို့ ပြောထားခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအမေရိကန်သမ္မတ ဘိုင်ဒင်က ကုလ COP26 ညီလာခံမှာ ပြောကြားတဲ့ အဓိကမိန့်ခွန်းမှာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်တာက စီးပွားရေးတွေကို ထိခိုက်စေမှာမဟုတ်ပဲ တိုးတက်စေမှာသာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

"ကြီးထွားနေတဲ့ ကပ်ဘေးအတွင်းမှာ မယုံကြည်နိုင်လောက်တဲ့ အခွင့်အရေးတစ်ခု ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒါက အမေရိကန်အတွက်သာမကဘဲ ကျွန်တော်တို့အားလုံးအတွက် ဖြစ်ပါတယ်" လို့ ဘိုင်ဒင်က ညီလာခံ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ပတ်သက်လို့ ဘိုင်ဒင်က ကတိပြုသွားခဲ့သလို " အပြောသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်သွားမယ်" လို့လည်း ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly