ချင်းပြည်နယ်တွင် ၁၈ ရက်အတွင်း ဘာသာရေး အဆောက်အအုံ ၄ခု နှင့် လူနေအိမ် ၂၀၀ မီးရှို့ခံရ၊ လူနေအိမ် ၁၀၀ ကျော် ဖျက်ဆီးခံရ

ချင်းပြည်နယ်တွင် ၁၈ ရက်အတွင်း ဘာသာရေး အဆောက်အအုံ ၄ခု နှင့် လူနေအိမ် ၂၀၀ မီးရှို့ခံရ၊ လူနေအိမ် ၁၀၀ ကျော် ဖျက်ဆီးခံရ

နိုဝင်ဘာ ၁

ချင်းပြည်နယ်အတွင်း အောက်တိုဘာလ ၁၂ရက်မှ ၂၉ရက်အထိ ရက်ပေါင်း ၁၈ ရက်အတွင်း ဘာသာရေး အဆောက်အအုံ လေးခုနှင့် လူနေအိမ် ၂၀၀ မီးရှို့ခံရပြီး လူနေအိမ် ၁၀၇ အိမ် ဖျက်ဆီးခံရကြောင်း ချင်းပြည်နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များ၏ စုပေါင်းထုတ်ပြန်ထားချက်အရ သိရသည်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီး လုယက်မှုများနှင့် ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့က ပူးပေါင်းထားသော Chinland Joint Defense Committee မှ အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

လူနေအိမ်နှင့် ဘာသာရေးအဆောက်အအုံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသည့်အပြင် လူနေအိမ်များမှာ အသုံးအဆောင်ပစ္စည်းများအား ယူဆောင်သွားကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် ဂျနီဗာကွန်ဗင်းရှင်း (Geneva Convention) အား လိုက်နာမှုမရှိသည့်အပြင် စစ်ရာဇဝတ်မှု ကျုးလွန်သောကြောင့် စစ်ကောင်စီအား ပြည်သူလူထုနှင့် အတူ အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

“ကျွန်တော်တို့ အခု ချင်းအမျိုးသားတပ်ဦးအပါဝင် လူမျိုးနဲ့ မြို့နယ်အလိုက်ဖွဲ့ထားတဲ့ အဖွဲ့ ၁၇ ဖွဲ့ကနေ ပိုပြီး ကျစ်လျစ်တဲ့ အဖွဲ့တစ်ခု ပေါ်ပေါက်လာအောင် ကြိုးစား တည်ဆောက်နေကြပါတယ်။ ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်တဲ့အားနဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်မြောက်သည်အထိ ကြိုးပမ်း လုပ်ဆောင်သွာမှာပါ” ဟု Chinland Joint Defense Committee၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Chinland Joint Defense Committee အား စက်တင်ဘာ ၃၀ ရက်တွင် မြို့နယ်ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CDF-Tonzang ၊ ZFU/PDFZoland ၊ CNO/CNDF ၊ CDF-Hakha ၊ CDF-Thantlang ၊ CDF-Matupi ၊ CDF-Mindat ၊ CDF-Kanpetlet ၊ CDF-Paletwa ၊ CDF-KKG ၊ CDF-Dai ၊ CDF-Zotung ၊ MPC/CDF-Mara ၊ CDF-Lautu ၊ CDF-Zophei ၊ CDF-Hualngo နှင့် ချင်းအမျိုးသားတပ်ဦး (CNF )တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required