ရန်ကုန်-ပုသိမ်လမ်းမကြီး တစ်လျှောက်ရှိ ကျန်ရှိနေသောကျူးကျော်နေအိမ်များအား အင်အားသုံးကာ ထပ်မံဖြိုဖျက်

By ဂန္ဒမာ
01 November 2021
ရန်ကုန်-ပုသိမ်လမ်းမကြီး တစ်လျှောက်ရှိ ကျန်ရှိနေသောကျူးကျော်နေအိမ်များအား အင်အားသုံးကာ ထပ်မံဖြိုဖျက်

နိုဝင်ဘာ ၁

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး ဘေးတစ်လျှောက်ရှိ ကျူးကျော်နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်လျက်ရှိရာ ကျန်ရှိနေသေးသည့် ကျူးကျော်အိမ်များကို ယနေ့ နိုဝင်ဘာလ ၁ ရက် မနက်ပိုင်းတွင် အင်အားသုံးကာ ထပ်မံဖြိုဖျက်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီက ယင်းနေရာရှိ ကျူးကျော်နေအိမ် ၁,၀၀၀ ကျော်ခန့်ကို အောက်တိုဘာလ ၂၈ ရက်နေ့အပြီး ဖျက်သိမ်းရန် အမိန့်ထုတ်ထားခဲ့ရာ ယင်းနေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများက အင်အားသုံးဖြိုဖျက်ခဲ့သေးသည်။

"လက်ရှိအခြေအနေကတော့ ကျန်နေသေးတဲ့ ကျူးအိမ်တွေကို ဘူဒိုဇာနဲ့ထိုးနေတယ်။ ၂၈ ရက်နေ့က မပြီးသွားဘူး။ ကျန်သေးတယ်။ လှိုင်သာယာကို သူတို့ (စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့စစ်သား) လူနည်းနည်းနဲ့ မလာရဲဘူး။ စစ်သားနဲ့ ရဲ အင်အားများတယ်။ ကျွန်တော်သိသလောက်တော့ သူတို့က အကုန်ဖျက်မယ့် သဘောရှိတယ်။ ဖြည်းဖြည်းချင်း ဖျက်သွားမယ့်သဘောပေါ့" ဟု ဒေသခံတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

ယနေ့ ရန်ကုန်-ပုသိမ်လမ်းမကြီး၏ အောက်လမ်းသွယ်ရှိ ကျူးကျော်နေအိမ်များကို ဆက်လက်ဖြိုဖျက်နေကြောင်းသိရပြီး ဖြိုဖျက်ရာတွင် ဘူဒိုဇာကားများ၊ အဓိကရုဏ်း နှိမ်နင်းရေးကားများ၊ စစ်ကား၊ ရဲကားများနှင့် ရေကား၊ စည်ပင်ကားများလည်း အမြောက်အမြားပါဝင်ကာ အင်အားသုံးဖြိုဖျက်နေသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

ယနေ့ မနက်အစောပိုင်းမှစ၍ လှိုင်သာယာ ဘုရင့်နောင်တံတားပိတ်ထားခြင်းကြောင့် ရုံးတက်ရမည့် အလုပ်သမားများ အခက်အခဲရှိခဲ့ပြီး မနက် ၁၀ နာရီတွင် တံတားပြန်ဖွင့်ပေးခဲ့သော်လည်း လှိုင်သာယာမြို့နယ်နှင့် ချိတ်ဆက်ထားသော အောင်ဇေယျကြိုးတံတားနှင့် ရွှေပြည်သာတံတားတွင် ယာဉ်ကြောပိတ်ဆို့မှု ရှိနေသေးကြောင်း ခရီးသွားများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required