ပြည်သူ့စစ်ခေါင်းဆောင်အိမ် မီးရှို့ခံရ၊ လူ ၄ ဦး သေဆုံး

By သတင်းနှင့် မီဒီယာ ကွန်ရက်
30 October 2021
ပြည်သူ့စစ်ခေါင်းဆောင်အိမ် မီးရှို့ခံရ၊ လူ ၄ ဦး သေဆုံး

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ရက်။

တနင်္သာရီ မြို့နယ်အတွင်းမှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ နေအိမ်မီးရှို့ခံရပြီး ထိုသူ အပါအဝင် မိသားစုဝင် ၄ ဦး မီးခိုးမွှန် သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၉ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေခဲ့သော ပဝရွာမကြီးမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ဌေး၏ အိမ်ကို မျက်နှာဖုံးစွပ်ထားသည့် အဖွဲ့တစ်ဖွဲ့က လာ ဝိုင်းကာ အိမ်အပြင်ထွက်လာပြီး အဖမ်းခံရန်ပြောဆိုခဲ့ရာ ထွက်မလာသည့်အတွက် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ပဝရွာမကြီး က ဒေသခံ အမျိုးသားတစ်ဦး က “ဦးမြင့်ဌေးက ထွက်မလာဘဲ သေနတ်နဲ့ ပြန်ပြီး ပစ်ခတ်ခုခံခဲ့လို့ မျက်နှာဖုံးစွပ်ထားတဲ့အဖွဲ့က အိမ်ကို ဓာတ်ဆီလောင်းပြီးမီးရှို့လိုက်တာ” ဟု ပြောသည်။

နေအိမ်မီးလောင်သဖြင့် ဦးမြင့်ဌေး၊ ၎င်း၏ဇနီးဖြစ်သူနှင့် ဆယ်ကျော်သက် ၎င်းတို့၏ သမီးဖြစ်သူအပါအဝင် ညလာအိပ်သည့် သမီးဖြစ်သူ၏ သူငယ်ချင်း စုစုပေါင်း လေးဦး သေဆုံးခဲ့သည်ဟု ပဝရွာမကြီးက ရွာခံများက ပြောသည်။

ဦးမြင့်ဌေးသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ပြည်သူ့ စစ်ခေါင်းဆောင် တာဝန်ယူထားသူလည်း ဖြစ်သည်။

ထို့အပြင် ဦးမြင့်ဌေးသည် ကျေးရွာအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များနှင့် CDM ဝန်ထမ်း များကို ဖိအားပေးခြိမ်းခြောက်ခြင်း၊ PDF များ၏ လှုပ်ရှားမှုများကို စစ်ကောင်စီတပ်ထံ သတင်းပေးပို့ခြင်းများ လုပ်ဆောင်နေသူ ဖြစ်သည်ဟု ဒေသခံများက စွပ်စွဲထားသည်။

၎င်းတို့၏ နေအိမ်ကို လာဝိုင်းခံရသည့်အချိန် အိမ်ထဲမှ ထွက်ပြေးလွတ်မြောက်သွားသူ ဦးထွန်းလှ ဆိုသည့် ပြည် သူ့ စစ်တစ်ဦးလည်း သေနတ်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရာ ယခုခါ တနင်္သာရီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ရသည်ဟု ရွာသားများက ပြောသည်။

မီးလောင်မှု ဖြစ်ပွားပြီးနောက် နံနက် ၉ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားများဖြင့် ရောက်ရှိ လာပြီး ကျေးရွာအတွင်း စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့ကြောင့် ကျေးရွာထဲက အမျိုးသားအချို့က စိုးရိမ်ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသ ခံများက ပြောသည်။

ပဝကျေးရွာသည် တနင်္သာရီမြစ်ကမ်းဘေးတွင် တည်ရှိပြီး အိမ်ခြေ ၆၀၀ နီးပါး ရှိသည့် ကျေးရွာကြီး တစ်ရွာ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly