ကလေးမြို့တွင် စစ်ကောင်စီတပ် လမ်းဘေးဘီယာသောက်နေစဉ် ဗုံးနှင့်လှမ်းပစ်ခံရ

By စန်းကျိန်
29 October 2021
ကလေးမြို့တွင် စစ်ကောင်စီတပ် လမ်းဘေးဘီယာသောက်နေစဉ် ဗုံးနှင့်လှမ်းပစ်ခံရ

အောက်တိုဘာ ၂၉

ကလေးမြို့ တာဟန်းရပ်ကွက်ရဲကင်း အနောက်လမ်းကြားတွင် ယနေ့ ည ၈ နာရီ ၂၁ မိနစ်အချိန်တွင် စစ်ကောင်စီတပ်သား နှစ်ဦး ကင်းစောင့်ကာ ဘီယာသောက်နေစဉ်တွင်လက်လုပ်ဗုံးဟုယူဆရသော ဗုံးတစ်လုံးနှင့် လှမ်းပစ်ခံရကြောင်း ဒေသခံများကပြောသည်။

"ခုန တာဟန်းဗုံးပေါက်တာ၊ စခတွေက လမ်းဘေးမှာ ဘီယာထိုင်သောက်နေကြတာ၊ ဘီယာဆိုင်မှာတော့ မဟုတ်ဘူး၊ ကြည့်ရတာ ကင်းစောင့်ရင်း ဘီယာကို လုသောက်နေကြပုံပဲ။ ကင်းစောင့်ကျတာထင်တယ်၊ သူတို့ဘီယာသောက်နေတုန်း ဗုံးနဲ့လှမ်းထုခံရတာ" ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

"ဗုံးနဲ့ လှမ်းထုခံရတဲ့ နှစ်ယောက်စလုံး ထိတယ်ပြောတယ်၊ မထိစရာအကြောင်းမရှိဘူး။ အသံလည်း အရမ်းကျယ်တယ်။ ပြင်းလည်း ပြင်းတော့ သေမသေ အတိအကျ မပြောတတ်ပေမယ့် မူးပြီးတော့လဲမှာ" ဟု သူကထပ်ပြောသည်။

ဗုံးပေါက်ပြီးနောက်တွင် စစ်ကောင်စီတပ်များက တာဟန်းရပ်ကွက်ထဲတွင် မွှေနောက်ရှာဖွေနေပြီး အိမ်ရှိ ယောကျာ်းလေးများကိုလည်း အိမ်ပြင်ထွက်ခိုင်းကာ စစ်ဆေးမေးမြန်းနေကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly