စစ်ကောင်စီက ချိပ်ပိတ်ထားသည့် ပုသိမ်မြို့နယ် NLD ရုံး ဗုံးခွဲခံရ

စစ်ကောင်စီက ချိပ်ပိတ်ထားသည့် ပုသိမ်မြို့နယ် NLD ရုံး ဗုံးခွဲခံရ

အောက်တိုဘာ ၂၉

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မရမ်းချိုလမ်းမကြီး နောက်ကျောဘက်ရှိ စစ်ကောင်စီက ချိပ်ပိတ်ထားသော ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးတွင် အောက်တိုဘာလ ၂၉ ရက် မနက် ၃ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု မဖြစ်ခင် အောက်တိုဘာလ ၂၈ ရက် ညသန်းခေါင်အချိန်က ယင်း NLD ရုံးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရုံးတွင်းရှိ ဆိုဖာခုံများ မီးလောင်ကျွမ်းသွားသည်ဟု ယင်းရုံးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

" သန်းခေါင်အချိန်လောက် ကတည်းက ရုံးရဲ့မြေညီထပ်မှာ မီးလောင်နေတာပါ။ ပတ်ဝန်းကျင်က လူတွေ မီးသတ်ကို ဖုန်းဆက်ခေါ်သေးတယ်။ လုံးဝ ရောက်မလာပါဘူး။ မနက် ၁ နာရီကျော်တော့ မီးငြိမ်းသွားပြီး ၃ နာရီကျော်လောက်မှာ ဗုံးပေါက်တာပါ။ အဲ့ဒီအချိန်အပြင်ထွက်လို့ရတာ စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးမှူး ဒလန်တွေပဲ ရှိတယ်။ အများကြီး တွေးစရာမလိုပါဘူး" ဟု NLDရုံး ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦ အတွင်းရှိ ပစ္စည်းများနှင့် မှန်တံခါးများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး စစ်ကောင်စီ လက်အောက်ခံ အရပ်ဝတ်နှင့် ရဲသုံးဦးက ယင်း ရုံးဝန်းအတွင်း လာရောက် စစ်ဆေးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဗုံးပေါက်ကွဲမှုနှင့် မီးလောင်မှုဖြစ်ပွားခဲ့သော ပုသိမ်မြို့နယ် NLD ရုံးသည် ပုသိမ်နယ်မြေရဲစခန်းနှင့် တိုင်းအဆင့် မီးသတ်ရုံးရှိရာနေရာနှင့် အနီးဆုံးနေရာလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly