မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမည်ဟု အာဆီယံဥက္ကဋ္ဌသစ် ကမ္ဘောဒီးယား ပြော

မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမည်ဟု အာဆီယံဥက္ကဋ္ဌသစ် ကမ္ဘောဒီးယား ပြော

အောက်တိုဘာ ၂၉

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ အလှည့်ကျဥက္ကဋ္ဌသစ်အဖြစ် စတင်လွှဲပြောင်းယူလိုက်ပြီဖြစ်သည့် ကမ္ဘောဒီးယားက ယင်းအနေဖြင့် မြန်မာစစ်ကောင်စီတာဝန်ရှိသူများ ၎င်းတို့၏ အတိုက်အခံအင်အားစုများနှင့်အကြား ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်လာစေရန်အတွက် စစ်ကောင်စီအပေါ် ဖိအားပေးသွားမည် ဖြစ်ကြောင်း ယင်း၏ နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ကမ္ဘောဒီးယားအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် လာမည့်နှစ်စပိုင်းတွင် အလုပ်ကိစ္စများ စတင်ရန် မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်သစ်တစ်ဦး ခန့်အပ်သွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခ်ခွန်းက ပြောသည်။ တဆက်တည်းမှာပင် မြန်မာသည် "ပြည်တွင်းစစ် ဖြစ်တော့မည့်ဆဲဆဲ" ဖြစ်နေသည်ဟု ၎င်းက သတိပေးခဲ့သည်။

လက်ရှိ မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သည့် အာရီဝမ် ယူဆွတ်ဖ်သည် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဘရူနိုင်းနိုင်ငံမှ ဖြစ်သည်။

"အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက် ဆိုတဲ့ မူကို ကျွန်တော်တို့အားလုံး အလေးထားသော်ငြားလည်း မြန်မာနိုင်ငံက အခြေအနေက အင်မတန် စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခု ဆက်ဖြစ်နေဆဲပါ" ဟု ဆော့ခ်ခွန်းက ရိုက်တာကို ပြောသည်။

"အဲဒါက ဒေသအပေါ်မှာတင်မကပဲ အဖွဲ့အစည်းအပေါ် အများယုံကြည်လက်ခံမှု၊ ကျွန်တော်တို့ရဲ့ ညီအကို မောင်နှမတွေဖြစ်တဲ့ မြန်မာပြည်သူတွေအပေါ်မှာပါ အပျက်သဘောဆောင် သက်ရောက်မှုတွေ ရှိစေပါတယ်" ဟု ၎င်းက ပြောသည်။

မကြုံစဖူး ချန်လှပ်မှုအဖြစ် အာဆီယံသည် ယခုအပတ် ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးများတွင် မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ကြားဘဲ ချန်လှပ်ထားခဲ့သည်။

ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် မြန်မာစစ်ကောင်စီအကြီးအကဲသည် နိုင်ငံတွင် အကြမ်းဖက် ဖြိုခွင်းမှုများ ရပ်တန့်ရန်၊ ဆွေးနွေးညှိနှိုင်းမှုများစတင်ရန်၊ လူသားချင်းစာနာမှု အကူအညီများနှင့် အာဆီယံအထူးသံတမန်တို့ကို မြန်မာနိုင်ငံတွင်း ဝင်ခွင့်ပြုပြီး သက်ဆိုင်သူအားလုံးနှင့်တွေ့ခွင့်ပေးရန် စသည့် အာဆီယံအပေါ် ပေးထားသည့် ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်မှုအတွက် ထိပ်သီးအစည်းအဝေးကနေ ချန်လှပ်ခံခဲ့ရသည်။

ကမ္ဘောဒီးယားအနေဖြင့် ထိပ်သီးအစည်းအဝေးများ၌ မြန်မာစစ်ကောင်စီအကြီးအကဲကို ပိတ်ပင်သည့် ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းနှင့် မြန်မာစစ်ကောင်စီသည် အာဆီယံအထူးသံတမန်ကို သက်ဆိုင်သူအားလုံးနှင့် တွေ့ခွင့်ပေးရန် ငြင်းဆန်ခဲ့ကြောင်း ဆော့ခ်ခွန်က ပြောခဲ့သည်။

သို့သော် မြန်မာစစ်ကောင်စီအကြီးအကဲကို လာမည့် အစည်းအဝေးများကနေ ဆက်လက် ဖယ်ထုတ်ထားမည်လား ဆိုသည်ကို  လက်တလောတွင် ပြော၍ မသင့်သေးဟု ၎င်းက ပြောသည်။

"အရာကိစ္စတွေက ပြောင်းလဲဖြစ်ပေါ်နေပါတယ်၊ ဒါက မြန်မာအပေါ်မှာပဲ အများကြီး မူတည်ပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

တချိန်တည်းမှာပင် အာဆီယံအုပ်စုအနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်က အထူးသံတမန်ကို ယင်း၏ အတိုက်အခံအင်အားစုများနှင့် တွေ့ခွင့်ပြုလာစေရေးအတွက် စစ်ကောင်စီအကြီးအကဲကို အစည်းအဝေးမှ ဖယ်ထုတ်မှုအချက်ကို သြဇာအရှိန်အဝါတစ်ခုအဖြစ် အသုံးပြုလိမ့်မည် ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသတွင်း သံတမန်နှစ်ဦးက ပြောသည်။

မြန်မာစစ်ကောင်စီဘက်က အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုမည်မဟုတ်ဟု ပြောထားသည်။

ရှေ့လထဲ ပြုလုပ်ရန် ရှိပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွယ်ရှိသည့် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံအနေဖြင့် မြန်မာစစ်ကောင်စီကို ဖယ်ထုတ်မလား၊ တက်ခွင့်ပေးမလား ဆိုသည်ကိုဆုံးဖြတ်ရန်မှာ အဖွဲ့အတွက် နောက်ထပ်စမ်းသပ်ချက်တစ်ခုပင် ဖြစ်ကြောင်း သံတမန်များက ပြောသည်။

ယခုနှစ်ကုန်ပိုင်း ကျင်းပမည့် အာဆီယံ-အီးယူ အစည်းအဝေးတစ်ခုကိုမူ မြန်မာစစ်ကောင်စီ အကြီးအကဲ တက်ရောက်ဖွယ် မရှိဘဲ အထူးသဖြင့် ဥရောပတွင် ပြင်းထန်သည့် ဆန့်ကျင်မှုများ ရှိနေ၍ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required