ပါကစ္စတန်-အာဖဂန်နစ္စတန်အကြား နယ်စပ်ဂိတ်ပိတ်ထားမှုကြောင့် ကုန်သည် ၅၀,၀၀၀ ခန့် အလုပ်အကိုင်များ ဆုံးရှုံး

By Sify
29 October 2021
ပါကစ္စတန်-အာဖဂန်နစ္စတန်အကြား နယ်စပ်ဂိတ်ပိတ်ထားမှုကြောင့် ကုန်သည် ၅၀,၀၀၀ ခန့် အလုပ်အကိုင်များ ဆုံးရှုံး

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြားနယ်စပ်ရှိ ချာမန်း နယ်စပ်ဖြတ်ကျော်ဂိတ် ပိတ်ထားမှုကြောင့် အသေးစားနှင့် အလတ်စား ကုန်သည် ၅၀,၀၀၀ ခန့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြသည်။

နယ်စပ်ဂိတ်ပိတ်ထားမှုကြောင့် ဒေသခံ ကုန်သည်များအတွက် တစ်နေ့လျင် ရူပီး သန်း ၁၀၀ အထိ ထိခိုက်ဆုံးရှုံးစေလျက်ရှိသည်ဟု ချာမန်း ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဟောင်း ဂျာမယ်လူဒင် အချာခ်ဇိုင်က ပြောကြောင်း Express Tribune က ဖော်ပြသည်။

ချာမန်းသည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား အဓိက နယ်စပ်ဖြတ်ကျော်ဂိတ်နှစ်ခုအနက် တစ်ခုဖြစ်ပြီး ဒုတိယမြောက် နယ်စပ်ဂိတ်မှာ မြောက်ပိုင်းရှိ တော့ခ်ဟမ်တွင် တည်ရှိသည်။

နယ်စပ်ဂိတ် ပိတ်ထားမှုကြောင့် ပါကစ္စတန် ထရပ်ကား အစီး ၁,၄၅၀ (အချို့က သစ်သီးခြောက်များ တင်ထား၊ အချို့ကလည်း ကုန်မပါ) ခန့်သည် နယ်စပ်၏ တစ်ဘက်ခြမ်းတွင် ပါကင်ထိုး ရပ်နားထားရသည်ဟု Express Tribune က ဖော်ပြသည်။

တချိန်တည်းမှာပင် နယ်စပ်၏ တစ်ဘက်ခြမ်းတွင် ပါကစ္စတန် ထရပ်ကားများ ပါကင်ထိုးရပ်နားထားရချိန် အဆိုပါကားများ၏ ယာဥ်လုပ်သားများမှာ သွားစရာနေရာမရှိ ဖြစ်နေသည်ဟု သိရသည်။ "သူတို့ထဲက တချို့ဆိုရင် စားဖို့သောက်ဖို့နဲ့ အခြေခံ အသုံးအဆောင် လိုအပ်တာတွေ ဝယ်ဖို့ ပိုက်ဆံတောင် မရှိဘဲဖြစ်နေကြပါတယ်" ဟု အချာခ်ဇိုင်က ပြောသည်။

ချာမန်း ကုန်သည်ကြီးများအသင်း၏ နောက်ထပ် ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည့် ဟာဂျီ ဂျလက် ခန်က နယ်စပ်ကို အမြန်ဆုံးပြန်ဖွင့်ရေးအတွက် ဖက်ဒရယ်အစိုးရကို တောင်းဆိုထားခဲ့သည်။

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား အဓိက နယ်စပ်ဖြတ်ကျော်ဂိတ်နှစ်ခုအဖြစ် ချာမန်းနှင့် တော့ခ်ဟမ်တို့ ရှိနေပြီး ယင်းနယ်စပ်ဖြတ်ကျော်နေရာများကို သြဂုတ်လက အာဖဂန်တွင် တာလီဘန်တို့ သိမ်းပိုက်ပြီးနောက်ပိုင်းကတည်းက မကြာခဏဆိုသလို ပိတ်ထားမှုများ ဖြစ်ပေါ်နေခဲ့သည်။

ပြီးခဲ့သည့်လများအတွင်း နယ်စပ်ကို အကြိမ်ရေအချို့ ပိတ်ထားခဲ့သည့် အစ္စလမ်မာဘတ်က ယခုတကြိမ် နယ်စပ်ပိတ်မှုအတွက် တာလီဘန်တို့အပေါ် ပြစ်တင်ထားခဲ့သည်။ သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ တာလီဘန်တို့က တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ထားခြင်း မရှိသေးဟု Samaa TV က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly