အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာဘုရင့်နောင်တံတားကို ယနေ့ အောက်တိုဘာ ၂၈ရက် နံနက် ၉ နာရီဝန်းကျင်တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုနှင့် စစ်ဆေးမှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ လုံခြုံရေးယူထားမှုအခြေအနေများက အထိတ်တလန့်ဖြစ်စေကြောင်း ပြည်သူများက ပြောသည်။
စစ်ကောင်စီက ကျူးကျော်နေအိမ်များဖြိုဖျက်ရန်အတွက် ဘုရင့်နောင်တံတားကို ယနေ့နံနက် ၆နာရီမှစ၍ ပိတ်ထားခြင်းဖြစ်သည်။
"မနက်အစောကြီးထဲက တံတားက စပိတ်ထားတယ်။ ဘုရင့်နောင်တံတားအဆင်း လှိုင်သာယာ မြို့နယ်အစက စပိတ်တာ။ အလုပ်သွားမယ့်သူတွေ ဖြတ်သွားဖြတ်လာလုပ်တဲ့သူတွေ၊ လူဆို လမ်းဆင်းလျှောက်ရတယ်၊ ဆိုင်ကယ်ဆိုဆင်းတွန်း၊ ကားပေးမဖြတ်ဘူး။ စစ်တာဆေးတာတွေရှိတယ်။ ရောက်နေတဲ့ စစ်သား၊ ရဲအင်အားက ရှေ့တန်းထွက်လာသလိုပဲ။ လှိုင်သာယာက မခံဘူး အသေပြန်ချတာ။ အဓိကရုဏ်းဖြစ်မှာ ကြောက်လို့ ထင်တယ်"ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက မဇ္စျိမ ကို ပြောသည်။
လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ကျူးကျော်နေအိမ်များကို ယနေ့ အောက်တိုဘာ ၂၈ ရက်အပြီး ဖျက်သိမ်းရန် စစ်ကောင်စီက အမိန့်ထုတ်ထားခြင်းဖြစ်သည်။
"မနက်ပိုင်း ၇ နာရီလောက်က ကမ်းနားလမ်း တစ်ကြောလုံး လမ်းပိတ်နေတာ အရှေ့လည်းတိုးမရ နောက်လည်းထွက်မရ သခင်မြပန်းခြံကနေ စပြီးတော့ပိတ်နေတာ၊ ရဲတွေ၊ စစ်သားတွေ၊ စည်ပင်ဝန်ထမ်းတွေလည်း လမ်းပေါ်မှာ အများကြီးတွေ့ရတယ်"ဟု ရေသန့်ကားမောင်းနှင်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ထို့အပြင် စစ်ဆေးမေးမြန်းမှုများလည်းရှိပြီး ဆိုင်ကယ် အဖမ်းအဆီးများလည်း ရှိနေကြောင်း သိရသည်။