ကျောင်းကုန်းမြို့၊ ကျူတောကုန်းရွာရှိ မိုင်တဲ တာဝါတိုင် ဖျက်ဆီးခံရ

ကျောင်းကုန်းမြို့၊ ကျူတောကုန်းရွာရှိ မိုင်တဲ တာဝါတိုင် ဖျက်ဆီးခံရ

အောက်တိုဘာ ၂၈

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့ ၊ ကျူတောကုန်း ရွာရှိ အကြမ်းဖက်စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်ကို အောက်တိုဘာလ ၂၇ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် ဒေသပြောက်ကျားအဖွဲ့များ ပူးပေါင်း၍ မိုင်းခွဲဖျက်ဆီးခဲ့သည်ဟု အဆိုပါအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကျောင်းကုန်း မြို့ပြပြောက်ကျားအဖွဲ့နှင့် ပုသိမ်ခရိုင် မြို့ပြပြောက်ကျားအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တာဝါတိုင် အောက်ခြေရှိ စက်များနှင့် ဆိုလာပြားများ အားလုံး ပျက်စီး သွားခဲ့သည်ဟု ၎င်းက ဆိုသည်။

"ကျွန်တော်တို့ ပုသိမ်ခရိုင် မြို့ပြပြောက်ကျားတွေအနေနဲ့ ပုသိမ်ခရိုင် အတွင်းက မြို့တွေမှာရှိတဲ့ ပြောက်ကျားတွေကို စုစည်းပြီးတော့ စစ်အာဏာရှင်ကို တော်လှန်သွားမယ်။ စစ်ကောင်စီနဲ့ ပတ်သက်တာ အားလုံးကို စစ်အုပ်စု ပြုတ်ကျတဲ့အထိ တိုက်ခိုက်သွားမယ်" ဟု ဒေသခံ ပြောက်ကျား အဖွဲ့ဝင်က ပြောသည်။

ဧရာဝတီတိုင်း အတွင်း၌ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်များ ဖျက်ဆီးခံရမှုသည် ယခုတစ်ကြိမ် အပါအဝင်ဆိုလျှင် ၁၁ ကြိမ်အထိ ရှိပြီဖြစ်ကြောင်းနှင့် ကျောင်းကုန်းမြို့တွင် မိုင်တဲတာဝါတိုင် ဖျက်ဆီးခံရခြင်းသည် ယခု ပထမဆုံးအကြိမ် ဖြစ်သည်ဟု ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly