အမေရိကန်အေဂျင်စီက တရုတ်အိမ်ခြံမြေလုပ်ငန်းကြီး ၇ ခု၏ ချေးငွေ ရယူနိုင်သည့်အဆင့်ကို လျှော့ချ

အမေရိကန်အေဂျင်စီက တရုတ်အိမ်ခြံမြေလုပ်ငန်းကြီး ၇ ခု၏ ချေးငွေ ရယူနိုင်သည့်အဆင့်ကို လျှော့ချ

အမေရိကန်ချေးငွေအဆင့်သတ်မှတ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သော Moody's က တရုတ်အိမ်ခြံမြေ လုပ်ငန်းကြီး ၇ ခု၏ စီးပွားရေးအပေါ် စိုးရိမ်ရမှုများကြောင့် ယင်းလုပ်ငန်းကြီးများ၏ ချေးငွေ ရယူနိုင်သည့် အဆင့်သတ်မှတ်ချက်ကို လျှော့ချလိုက်သည်။

အဆိုပါ လုပ်ငန်းကြီး ၇ ခုမှာ Greenland Holdings၊ Yango Group၊ China Aoyuan၊ Kaisa Group၊ Shinsun Holdings Group၊ R&F Properties နှင့် Zhongliang Holdings တို့ဖြစ်ပြီး ရောင်းအားနှင့် ငွေကြေးဆိုင်ရာ အလားအလာများ အားနည်းမှု ကြောင့် အဆင့်သတ်မှတ်ချက်များကို လျှော့ချခဲ့ကြောင်း Moody's ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ YICAI က ဖော်ပြခဲ့သည်။

ယခုကဲ့သို့ လျှော့ချသတ်မှတ်လိုက်ခြင်းကြောင့် အဆိုပါ တရုတ်ကုမ္ပဏီများအနေဖြင့် အကြွေးများကို ပြန်ဆပ်ရန် ငွေချေးရယူရေးအတွက် အခက်အခဲဖြစ်စေမည် ဖြစ်သည်။

“အိမ်ခြံမြေလုပ်ငန်းကြီးအများအပြားကို အဆင့်လျှော့ချလိုက်တာက ကုမ္ပဏီတွေက ပိုင်ဆိုင်မှုတွေ အများအပြားရှိနေသေးတယ်ဆိုနိုင်ပေမယ့် ချေးငွေအရည်အသွေး ယိုယွင်းလာတာကို ညွှန်ပြနေပါတယ်” ဟု ပညာရှင်အဖွဲ့ဖြစ်သော E-house China R&D Institute မှ သုတေသနဒါရိုက်တာတစ်ဦးဖြစ်သည့် ယန်ယွီကျန်း က ပြောကြားခဲ့သည်။

မူဝါဒ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လုပ်ဆောင်စရာများ ကျန်ရှိနေသေးသော်လည်း မူဝါဒအသစ်များ အကျိုးသက်ရောက်စေရန်နှင့် လုပ်ငန်းဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို မြှင့်တင်ရန် အချိန်အနည်းငယ်ယူရမည် ဖြစ်ကြောင်း ယန်က ပြောကြားခဲ့သည်။

အဆင့် လျော့ချသတ်မှတ်မှုများကြောင့် အိမ်ခြံမြေကုမ္ပဏီများ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများအပေါ် သက်ရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း YICAI မှ EH Consulting ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ယင်းအဆင့်သတ်မှတ်ချက် လျှော့ချလိုက်ခြင်းက ကုမ္ပဏီ၏ ဘဏ္ဍာရေးအညွှန်းကိန်းများ ယိုယွင်းသွားခြင်း သို့မဟုတ် ဆိုးရွားသွားဖွယ်ရှိကြောင်း ညွှန်ပြနေသည်။

Moody's ၏ ယခုထုတ်ပြန်ချက်က တရုတ်တည်ဆောက်ရေးလုပ်ငန်းများ၏ ကြွေးမြီပျက်ကွက်မှုများ လာခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly