ပုသိမ်တွင် လူ ၅ ဦးထက်ပို မစုဝေးရန် ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်မိသားစုများ တပ်ထောက်ခံပွဲ ထပ်မံပြုလုပ်

ပုသိမ်တွင် လူ ၅ ဦးထက်ပို မစုဝေးရန် ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်မိသားစုများ တပ်ထောက်ခံပွဲ ထပ်မံပြုလုပ်

အောက်တိုဘာ ၂၇

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက လူငါးဦးထက်ပို၍ စုဝေးခြင်းမပြုရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း လူအင်အားရာချီပါဝင်သည့် စစ်တပ်ထောက်ခံပွဲကို ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရွှေမြင်တင် ကျေးရွာအတွင်းက အမှတ် ( ၆ ) စစ်အခြေခံ လေ့ကျင့်ရေးတပ် ဘေးတွင်ရှိသော ဘောလုံးကွင်းအတွင်း ယနေ့မနက်ပိုင်းက စစ်တပ်မိသားစုများ စုပေါင်းပြီး စစ်တပ်ထောက်ခံပွဲ ထပ်မံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

" မနေ့က ညနေကတည်းက အဲဒီဘောလုံးကွင်းထဲကို စစ်သားတွေ ဝင်ပြီး မိုင်းရှင်းနေတာတွေ့တယ်။ ဒီနေ့မနက်တော့ အမှတ်( ၆ ) လေ့ကျင့်ရေးတပ်က စစ်သားမိန်းမတွေနဲ့ စစ်သားတွေရဲ့အမျိုးတွေကို မလာမနေရ သဘောမျိုးနဲ့ ခေါ်စုပြီး တပ်ထောက်ခံပွဲ လုပ်နေကြတယ်။ အပြင်ကလာတဲ့ မဘသတွေနဲ့ စစ်ကောင်စီကို ထောက်ခံတဲ့သူတွေကိုတောင် ဝင်ခွင့်မပေးဘူးလို့ သတင်းကြားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက လူငါးဦးထက်ပို၍ စုဝေးခြင်း မပြုလုပ်ရန် ပုဒ်မ ၁၄၄ကို အောက်တိုဘာလ ၁၅ ရက်က ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်ထဲတွင် "လှုံ့ဆော်လိုသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ လူ ငါးဦး သို့မဟုတ် လူ ငါးဦးထက်ပိုသောသူများသည် ပုသိမ်မြို့နယ်အတွင်း မည်သည့်နေရာတွင်မဆို စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်းများ မပြုလုပ်ရန်” ဟုဖော်ပြထားသည်။

ပုသိမ်မြို့ ကန်သာယာကွင်းနှင့် ဟစ်တိုင်ကွင်းအတွင်း၌ အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းနှင့် ၂၆ ရက်နေ့ ညနေပိုင်းအချိန်များတွင်လည်း စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly