လှိုင်သာယာမြို့နယ်တွင် YBS (၂၀) ယာဉ်ပေါ် ဗုံးပေါက်၊ လူငယ် ၄ ဦး ဖမ်းခံရ

By ဂန္ဒမာ
27 October 2021
လှိုင်သာယာမြို့နယ်တွင် YBS (၂၀) ယာဉ်ပေါ် ဗုံးပေါက်၊ လူငယ် ၄ ဦး ဖမ်းခံရ

အောက်တိုဘာ ၂၇

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဂက်(စ်)ဆိုင်ရှေ့ရပ်ထားသော YBS (၂၀) ယာဉ်ပေါ်၌ ဗုံးပေါက်ခဲ့ပြီးနောက် ထိုနေရာအနီး ဖြတ်သွားသော လူငယ် အမျိုးသား လေးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမပေါ် ရိုးကြီးမှတ်တိုင် အကျော်ရှိ CNG Gas ဆိုင်အနီးတွင် ယနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ဂတ်စ်ဆိုင်မှာ ဖြည့်ဖို့ တန်းစီနေတဲ့ ဘတ်စ်ကားတွေပါ။ အဲထဲကမှ YBS (၂၀) ပေါ်မှာ ပေါက်တာပါ။ အလွဲအချော်ဖြစ်တဲ့ သဘောမို့ ပေါက်တော့လည်း အငွေ့လောက်ပဲ ထွက်လာလို့ ကားပေါ်ဗုံးရှိနေတယ်ဆိုတာ သိရတာပါ။ လူရော၊ ကားရော ထိခိုက်ပျက်စီးတာမျိုး မရှိခဲ့ပါဘူး" ဟု မျက်မြင်တွေ့ခဲ့ရသူက မဇ္စျိမကို ပြောသည်။

ပြည်သူထိခိုက်မှု မဖြစ်အောင် စစ်ဆင်ရေး ပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း လွဲချော်မှု တစ်ခုကြောင့် မဖြစ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသော အဖွဲ့တစ်ဖွဲ့က ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် လှိုင်သာယာမြို့နယ်အတွင်း လုံခြုံရေး တင်းကျပ်ထားပြီး အနီးတစ်ဝိုက်ရှိ CCTV ကင်မရာများကိုပါ စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

YBS (၂၀) ယာဉ်လိုင်းသည် စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ ‌မြေးများ ပိုင်ဆိုင်သည့် ယာဉ်လိုင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required