အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် ဒေါ်လာသန်း ၁၀၀ ကျော် အမေရိကန် ပံ့ပိုးမယ်

အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် ဒေါ်လာသန်း ၁၀၀ ကျော် အမေရိကန် ပံ့ပိုးမယ်

အောက်တိုဘာ ၂၇

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အတွက် ပရိုဂရမ်သစ်တွေ၊ အစီအစဉ်သစ်တွေမှာ ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပံ့ပိုးပေးအပ်ဖို့ စီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ အာဆီံယံအကြား ဆက်ဆံမှုဟာ အလွန်အရေးပါလှကြောင်း ဘိုင်ဒင်က အွန်လိုင်း အစည်းအဝေးတစ်ခုမှာ ပြောခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ အာဆီယံရဲ့ "ပဓာနကျ" တဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့လည်း ချီးကျူးသွားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ ပါဝင်ထိတွေ့ဆက်ဆံမှုကို ခင်ဗျားတို့ မျှော်လင့်နိုင်ပါတယ်၊ ဒုသမ္မတ ဟားရစ်ဟာလည်း မကြာခင်က ဒီဒေသခရီးစဉ်မှာ ခုလိုမျိုး လုပ်ဆောင်ခဲ့ပါတယ်၊ ခု ကျွန်တော်ကိုယ်တိုင်လည်း ဒီဒေသနဲ့အကြား ထိတွေ့ဆက်ဆံပြီး ခင်ဗျားတို့ဆီ ဆက်သွယ်လုပ်ဆောင်နေတာဖြစ်ပါတယ်၊ နောက်ပြီး ကျွန်တော်တို့ရဲ့ ကာလကြာ ပူးပေါင်းဆောင်ရွက်မှုတွေကို နက်ရှိုင်းစေတာ၊ လမ်းကြောင်းသစ်တွေ လေ့လာရှာဖွေတာ၊ ဝန်ကြီးအဆင့် ဆွေးနွေးမှုတွေ လုပ်တာ၊ ကျွန်တော်တို့ရဲ့ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံတာ၊ ဒီ အရေးပါတဲ့ ဒေသမှာ အလုံးစုံ ကြီးပွားချမ်းသာမှုအတွက် တွန်းအားပေးတာတို့ကို မြင်ရဖို့ ခင်ဗျားတို့ မျှော်မှန်းထားနိုင်ပါတယ်" လို့ ဘိုင်ဒင်က ပြောပါတယ်။

"ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ငွေကြေးထောက်ပံ့မှုနဲ့အတူ ကိစ္စရပ်အသီးသီးမှာ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဖို့အတွက် ပရိုဂရမ်၊ အစီအစဉ်သစ်တွေ စတင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်၊ အဓိကအချက်ကတော့ အာဆီယံဟာ ပဓာနကျတယ် ဆိုတာပါပဲ၊ ဒါက အင်ဒို-ပစိဖိတ်ဒေသအတွက် ဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံအတွက် အဓိကကျတယ်လို့ ကျွန်တော် ပြောချင်ပါတယ်၊ အမေရိကန်အနေနဲ့ အာဆီယံရဲ့ ဗဟိုကျမှုအပေါ် စိတ်ပိုင်းဖြတ်ထားပါတယ်၊ ဒါက အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အမြင်သဘောထားချင်းတူညီတဲ့ ဒေသရဲ့ ဘေးဒဏ်ခုခံတွန်းလှန်နိုင်မှု၊ ကြီးပွားချမ်းသာမှု၊ လုံခြုံမှုတို့ကို ထိန်းသိမ်းဖို့အတွက် အဓိကအစိတ်အပိုင်းဖြစ်ပါတယ်" လို့လည်း ၎င်းက ပြောပါတယ်။

"အမေရိကန်နဲ့ အာဆီယံအကြား ဆက်ဆံရေးက အင်မတန် အရေးကြီးပါတယ်၊ ကျွန်တော်တို့ရဲ့ လူဦးရေ တစ်ဘီလီယံစလုံးရဲ့ အနာဂတ်အတွက် အရေးကြီးပါတယ်၊ ဆယ်စုနှစ်များစွာကြာ ကျွန်တော်တို့ရဲ့ လုံခြုံရေး၊ ကြီးပွားချမ်းသာမှုတို့ရဲ့ အုတ်မြစ်ဖြစ်ထားခဲ့တဲ့ လွတ်လပ်ပြီး ပွင့်လန်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ထိန်းသိမ်းရာမှာ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးပါပါတယ်"လို့လည်း ဘိုင်ဒင်က ပြောသွားခဲ့ပါတယ်။

"အာဆီယံရဲ့ အလားအလာ၊ အင်ဒို-ပစိဖိတ်ဒေသနဲ့ စည်းမျဉ်းအခြေပြု ဒေသစနစ် တို့အပေါ် အမေရိကန်ဘက်က အခိုင်အမာ ထောက်ခံပါတယ်၊ ကျွန်တော်တို့ရဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုတွေဟာ ပိုပို အရေးပါလာနေပါတယ်၊ အထူးသဖြင့် ၂၁ ရာစုကို ပုံဖော်နေတဲ့ စိန်ခေါ်မှုတွေကို တွေ့ကြုံရင်ဆိုင်ဖို့ ကျွန်တော်တို့အတူတကွ ကြိုးပမ်းချိန်မှာ ဒါက ပိုလို့တောင် အရေးပါနေပါတယ်" လို့လည်း ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly