ပိုမို တိုးပွားလာနေသော နေရပ်စွန့်ခွာ ဒုက္ခသည်များအရေး

ပိုမို တိုးပွားလာနေသော နေရပ်စွန့်ခွာ ဒုက္ခသည်များအရေး

မိမိတို့နိုင်ငံတွင် စစ်ဘေးစစ်ဒဏ်ကြောင့်ဖြစ်စေ ဘာသာမတူ လူမျိုးမတူသူအချင်းချင်း ပဋိပက္ခ များကြောင့်ဖြစ်စေ မိမိတို့၏ နေရပ်ကို မလွှဲမရှောင်သာပဲ စွန့်ခွာရသည့် အရေအတွက်မှာ လျှော့နည်း သွားသည်ဟူ၍ မရှိဘဲ တိုးသည်ထက် တိုးလာနေသည်မှာ စိတ်မချမ်းမြေ့ဖွယ် ကောင်းလှပါသည်။

မှတ်မှတ်ရရ စစ်ဘေးရှောင် မြန်မာနိုင်ငံသားများ ထိုင်းမြန်မာနယ်စပ် ထိုင်းနိုင်ငံအတွင်း စတင် ဝင်ရောက်လာသည်ဟု ယူဆရသည့် ၁၉၈၄ ခုနှစ်က စတင်ရေတွက်လျင် ယခုလို စစ်ဘေးစစ်ဒဏ် ကြောင့် တိုင်းတပါးသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် မိမိတို့ မြန်မာနိုင်ငံသားများအဖို့ ဒုက္ခသည် များအဖြစ် သူတပါးတိုင်းပြည်တွင် နေထိုင်လာခဲ့ရသည်မှာ နှစ် ၃၀ ကျော် ဝန်းကျင်ပင် ရှိခဲ့ပြီဖြစ်သည်။

ထိုစဉ်က နိုင်ငံတကာ သတင်းများအရ မြန်မာအစိုးရ၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များကို စစ်ဆင်တိုက်ခိုက်ရာမှ အစပြုကာ ကရင်ပြည်နယ်နှင့် ကရင် နီဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး ဒေသခံ တိုင်းရင်းသားများ ထိုင်းနိုင်ငံအတွင်း ပြေးဝင်ခိုလှုံ လာခဲ့ကြရခြင်း ဖြစ်သည်။

ယခုအခါ ယင်းဖြစ်စဉ်မှာ ရပ်တန့်သွားသည်ဟူ၍ မရှိဘဲ ပိုမို ဆိုးရွားလာခဲ့ပြီး ထိုင်း မြန်မာနယ် စပ် ထိုင်းနိုင်ငံအတွင်းဘက် နယ်စပ်နှင့် နီးသည့် ဒေသများတွင် မြန်မာဒုက္ခသည်စခန်း ၉ ခုအထိ ရှိလာခဲ့သည်။ ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်၏ အနီးတွင်ရှိသည့် မယ်လ ဒုက္ခသည်စခန်းသည် အကြီးဆုံး စခန်းတစ်ခု ရှိလာခဲ့ပြီး ယခုအခါ ဒုက္ခသည် လူဦးရေသည်လည်း ၄၀၀၀၀ ကျော် ရှိလာခဲ့ သည်။

ယင်းဒုက္ခသည်များမှာ အလုပ်လုပ်ကိုင် စားသောက်ခွင့်၊ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်များ ပိတ်ပင်ခံထားရသည်။ ယင်းတို့၏ စားဝတ်နေရေး အခက်အခဲများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ကုလလက်အောက်ခံ အဖွဲ့အစည်းများ၊ အခြား နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများက ကူညီ ဖြေရှင်းနေကြရသည်။

နှစ်ပေါင်းများစွာ မိမိတို့ဒေသနှင့် ကင်းကွာစွာ နေထိုင်ရခြင်း၊ သူတပါးတိုင်းပြည်တွင် လွတ်လပ် မှု ဆုံးရှုံးစွာ ခိုလှုံနေရခြင်းနှင့် အခြား အထွေထွေ အခက်အခဲများကြောင့် မြန်မာဒုက္ခသည်များမှာ စိတ်ဓါတ်ကျဆင်းမှု၊ လူ့အခွင့်အရေး ဆုံးရှုံးမှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့ နေကြရတော့သည်။ ယင်းဒုက္ခသည်များကို တတိယနိုင်ငံများ အနေဖြင့် ခေါ်ယူနေထိုင်ခွင့် ပြုခဲ့သည်ငြားလည်း အရေ အတွက် အင်မတန် နည်းပါးလှသည်။ သည်ကြားထဲ ထိုင်းနိုင်ငံအတွင်း မိမိတို့နိုင်ငံသား နေရပ်စွန့်ခွာ ထွက်ပြေးသူဦးရေမှာ လျှော့ကျသွားသည် မရှိပဲ တိုးပွားလာလျက်သာ ရှိနေသည်။

ထိုစဉ်မှာပင် ပြည်တွင်း နေရပ်စွန့်ခွာ နေထိုင်ရသူ ဒုက္ခသည်ဦးရေကလည်း ပိုမို တိုးပွားလာရ ပြန်သည်။ အထူးသဖြင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များအတွင်း ဆက်တိုက်လိုလို ဖြစ်ပွားနေ သော တိုက်ပွဲများကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ထောင်သောင်းချီပြီး ရှိလာခဲ့ရပြန် သည်။ တစ်ခုတော့ ရှိသည်။ ဟိုယခင်တုန်းကဆိုလျင် ယခုလို ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် နေထိုင်ရသူများကို ပြည်တွင်းသတင်းများတွင် လုံးဝ ဖေါ်ပြခွင့် မရခဲ့ကြပါ။ ယခုတော့ သတင်းစာ ဂျာနယ်များပေါ်တွင် ဖေါ်ပြခွင့် ရရှိလာသည့်အတွက်မူ အခြေအနေအရပ်ရပ်ကို ပြည်သူ များ မြင်နိုင်ကြားနိုင် ဖြစ်လာရသည်။

ယခုတော့ ပြည်တွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူ အရေအတွက်မှာ ခြောက်သိန်း ကျော် ရှိလာနေပြီး အရှေ့တောင်အာရှတွင် ဒုက္ခသည် အရေအတွက် အများဆုံး တိုင်းပြည်ဖြစ်လာ နေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့( UNFPA )ရဲ့ ထုတ်ပြန်ချက်အရ သိကြရပြန် သည်။

ယခုလို နှစ်ပေါင်းများစွာ မိမိတို့ နိုင်ငံသားများ နေရပ်စွန့်ခွာ ထွက်ပြေး နေထိုင်ရသည့်အဖြစ်မှာ အမျိုးသား ဂုဏ်သိက္ခာ အထိခိုက်ဆုံး ပြယုဒ်တစ်ခု ဖြစ်ပါသည်။ အမျိုးသား သွေးကွဲမှုကြီးမှ မွေးထုတ် လိုက်သော ဒဏ်ရာဒဏ်ချက်ကြီး တစ်ခုလည်း ဖြစ်ပါသည်။

ထို့ကြောင့် ယခုလို တမျိုးသားလုံး အရှက်ရဖွယ် နေရပ်စွန့်ခွာ နေထိုင်ရသည့် မိမိတို့ နိုင်ငံသား များအရေး အမြန်ဆုံး မှန်ကန်စွာ အဖြေရှာ ကိုင်တွယ် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်း လိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly