စစ်ကောင်စီက လူ ၅ ဦးထက်ပို မစုဝေးရန် ထုတ်ပြန်ထားသည့် ပုသိမ်မြို့တွင် လူအင်အားရာချီဖြင့် စစ်တပ်ထောက်ခံပွဲ ၂ ရက် ဆက်တိုက်ပြုလုပ်

26 October 2021
စစ်ကောင်စီက လူ ၅ ဦးထက်ပို မစုဝေးရန် ထုတ်ပြန်ထားသည့် ပုသိမ်မြို့တွင် လူအင်အားရာချီဖြင့် စစ်တပ်ထောက်ခံပွဲ ၂ ရက် ဆက်တိုက်ပြုလုပ်

အောက်တိုဘာ ၂၆

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက လူငါးဦးထက်ပို၍ စုဝေးခြင်းမပြုရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း လူအင်အားရာချီပါဝင်သည့် စစ်တပ်ထောက်ခံပွဲကို နှစ်ရက်ဆက်တိုက်ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့ ကန်သာယာကွင်းနှင့် ဟစ်တိုင်ကွင်းအတွင်း၌ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းနှင့် ၂၆ ရက်နေ့ ညနေပိုင်းအချိန်များတွင် စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြီး လူငါးယောက်ထက်ပို မစုဝေးရ၊ ပုသိမ်မြို့နယ်ထဲက ဘယ်နေရာမှာ မဆို စီတန်းလှည့်လည်တာတွေ၊ ဟောပြောတာတွေ မလုပ်ရဆိုပြီး စစ်တပ်ထောက်ခံပွဲကို လူ ၂၀၀ လောက်နဲ့ လုပ်နေကြတယ်။ စစ်သားနဲ့ရဲတွေကလည်း စစ်တပ်ထောက်ခံပွဲ လုပ်တဲ့ကောင်တွေကို လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး ယူပေးထားတယ် ။ သက်သက်လူပါးဝပြနေတာ"ဟု ဒေသခံက တစ်ဦးက

ပြောသည်။

စစ်ကောင်စီက လူငါးဦးထက်ပို၍ စုဝေးခြင်း မပြုလုပ်ရန် ပုဒ်မ ၁၄၄ကို ပုသိမ်မြို့နယ်တွင် အောက်တိုဘာလ ၁၅ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က မတရားအာဏာသိမ်းယူပြီး နောက်ပိုင်း စစ်အာဏာရှင် အလိုမရှိကြောင်း ပြသခဲ့သည့် ဆန္ဒပြပွဲများကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြုလုပ်ခဲ့စဉ်အချိန်က စစ်သားများနှင့်ရဲများသည် ဆန္ဒပြပြည်သူများကို အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

ယခုလက်ရှိ ပုသိမ်မြို့တွင်ပြုလုပ်နေသည့် စစ်တပ်ထောက်ခံပွဲတွင်မူ စစ်သားနှင့် ရဲများကိုယ်တိုင် လုံခြုံရေးယူ ပေးထားခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly