နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၅ အောက်တိုဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၅ အောက်တိုဘာ ၂၀၂၁)
ဓာတ်ပုံ - ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ရက်၂၆၀ မြောက် ချီတက်ဆန္ဒပြ မြင်ကွင်း

စစ်ကောင်စီ

·         ပြည်သူများက အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားသော နိုင်ငံ၏လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်လက်အောက်ခံ  နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးက ပြောသည်။

·         ကုလသမဂ္ဂအဖွဲ့၏ ရည်ရွယ်ချက်၊မူဝါဒများနှင့် ဆန့်ကျင်သည့် အစီရင်ခံစာနှင့် ဆွေးနွေးမှုများကို မြန်မာနိုင်ငံက ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ( ၂၄)ရက်တွင် ထုတ်ပြန်သည်။

·         စစ်ကိုင်းမြို့နယ်အတွင်း အသက်၁၂နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများကို အောက်တိုဘာ ၂၃ရက်က စတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၃,၉၇၁)ဉီးတို့ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ သတင်းတွင်ဖော်ပြထားသည်။

·         အပန်းဖြေခရီးများ ပြန်ဖွင့်ချိန်တွင် ပြည်သူများလာရောက် အပန်းဖြေနိုင်ရန်အတွက် ရဲရွာရေလှောင်တမံ သွားလမ်းတွင်ဖွင့်လှစ်ထားသည့် ဝါးနက်ဆင်စီး စခန်းကို ပြင်ဆင်နေကြောင်း သိရသည်။

·         စစ်ကောင်စီကအဓမ္မဖမ်းဆီး ချုပ်နှောင်နေတာကြောင့် အရပ်ဒေသအသီးသီးကို ထွက်ပြေးတိမ်ရှောင် နေကြရသည့် ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ အခြားနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ အနေဖြင့် နေရပ်ပြန်ဝင်လိုပါက ဥပဒေအရ ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း  စစ်ကောင်စီ သတင်းစာကနေ ထုတ်ပြန်သည်။

·         နေပြည်တော်၊ပြင်ဦးလွင် အပါအဝင် မြို့ကြီးတချို့တွင် ယနေ့ နံနက်ပိုင်းကစ၍  တပ်ထောက်ခံ ပွဲများ ပြုလုပ်နေကြောင်း သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

·         အာဆီယံဆိုင်ရာ NUG ၏ ကိုယ်စားလှယ် အနေဖြင့် သတ်မှတ်ထားသူ ရှိနေပြီး၊ ထိပ်သီး ညီလာခံ တွင် ပါဝင်ခွင့်ရှိရန် အာဆီယံဘက်ကို တင်ပြထားကြောင်း NUG ၏ ဒုနိုင်ငံခြား ရေးဝန်ကြီး ဦးမိုးဇော်ဦးက မီဒီယာတစ်ခုတွင် ပြောဆိုထားသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

·         အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် စစ်ရေးပေါင်းစည်းလေ့ကျင်မှု ပြုလုပ်လေ့ရှိရာ ယခုနှစ် စစ်ရေးပေါင်းစည်းလေ့ကျင်မှုကို Burmese Chase အမည်ဖြင့် စက်တင်ဘာလတွင် ပြုလုပ်ခဲ့ပြီး US မရိန်းတပ်ဖွဲ့မှ မရိန်းတပ်သားများသည် နေတိုးမဟာမိတ်တပ်သားများနှင့်အတူ မြေပြင်၊ ဝေဟင်နှင့် ရေတပ်တိုက်ပွဲအတွက် ဘက်စုံပေါင်းစည်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

·         မန္တလေးတိုင်း၊ မိတ္တီလာမြို့ ၂ ရဲစခန်းရှေ့ ရပ်နားထားသော စစ်ကားပေါ်တွင် ယနေ့ နံနက် ၁၁ နာရီကျော်အချိန် ဗုံးပေါက်ကွဲရာ ရဲနှစ်ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန် ရရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

·         အမရပူရမြို့တွင် အကြမ်းဖက်ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်သည့်အနေနှင့် 'စစ်အာဏာရှင်မုချ ကျဆုံးရမည်' ဟု ရေးသားထားသည့် စာရွက်များကို မြို့အနှံ့ကျဲချ ဆန္ဒပြခဲ့ကြသည်။

·         မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

·         ``မတရားဖမ်းဆီးခံရသော ထောင်ထဲမှရဲဘော်များနှင့်အတူ တသားထဲရှိကြောင်း ရပ်တည်ကြောင်း´´ ရည်ရွယ်ချက်ဖြင့် မန္တလေးရှိ လူငယ်များက Online Photo Campaign ကို ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

·         မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ  အောက်တိုဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·         မန္တလေးမြို့ တွင် အာဏာသိမ်း စစ်တပ်ထောက်ခံပွဲကို နေရာ နှစ်နေရာ၌ စစ်တပ်လုံခြုံရေး ထူထပ်စွာဖြင့် ယနေ့ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီ အချိန်ခန့်က ပြုလုပ်ခဲ့သည်။

·         စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသပင်မသပိတ်အဖြစ် ကျေးရွာလူထု စုပေါင်း၍ အကြမ်း ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေးအတွက် "ဒို့များအားလုံးပေါင်းစည်းခြင်းနဲ့ ဖြိုခွင်းပစ်မလေ"စာသားကို ကိုင်ဆောင်ချီတက်ခြင်းကို အောက်တိုဘာလ ၂၅ တွင် ပြုလုပ်ခဲ့သည်။

·         ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့်ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံမှ လူထု စုပေါင်း၍  အောက်တို ဘာ ၂၅ တွင် ရွာပေါင်းစုံ သပိတ် ၂၂၉ရက်မြောက်နေ့အဖြစ် ချီတက် ဆန္ဒပြကြသည်။

·         အကြမ်းဖက် ဖက်ဆစ် စစ်တပ် အမြစ်ပြတ်ကျဆုံးရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိတော်လှန်ကျောင်းသား ပြည်သူများ သည် အောက်တိုဘာလ ၂၅ ရက်တွင် ၂၆၀ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ကြွေးကြော် ချီတက် ဆန္ဒပြကြသည်။

·         စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသပင်မသပိတ်အဖြစ် ကျေးရွာလူထု စုပေါင်း၍ အကြမ်း ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေးအတွက် "ဒို့များအားလုံးပေါင်းစည်းခြင်းနဲ့ ဖြိုခွင်းပစ်မလေ"စာသားကို ကိုင်ဆောင်ချီတက်ခြင်းကို အောက်တိုဘာလ ၂၅ တွင် ပြုလုပ်ခဲ့သည်။

·         စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်အာဏာရှင် ချေမှုန်းရေးအတွက် ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြည်သူတချို့က ချီတက် ဆန္ဒကြသည်။

·         စစ်ကိုင်းတိုင်း ချင်းတွင်းမြစ် အနောက်ဖက်ကမ်းကျေးရွာတစ်ရွာတွင် ကျေးရွာ လူထုစုပေါင်း၍ အောက်တို ဘာ ၂၄ ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး ညသပိတ်ကို ပြုလုပ်ခဲ့ကြသည် ။

·         ထားဝယ်ရှိ လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာကျောင်းသား/သူများက ``WE ARE NEVER GIVE UP´´စာသားဖြင့် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို သပိတ်မှောက်ဆန္ဒထုတ်ဖော်မှု အောက်တိုဘာလ ၂၅ တွင် ပြုလုပ်သည်။

·         ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် ယနေ့အောက်တိုဘာလ ၂၅ ရက်နေ့ ပြည်သူလူထုအနာဂတ်အတွက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ကြွေး ကြော် ဆန္ဒပြကြသည်။

·         ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ကျောင်သားများ စုပေါင်း၍ ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြည်သူလူထု အနာဂတ်အတွက် စစ်အာဏာရှင် အမြစ်ဖြတ် ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။

·         ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီသည် အောက်တိုဘာ ၂၃ရက် ညပိုင်းက စစ်ကောင်စီတပ် များ၏ အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးစဉ် ရရှိထားသော ဒဏ်ရာဖြင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် သတိမေ့ မြောနေ ကြောင်း သိရှိရသည်။

·         ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ RC2 တက္ကသိုလ်ဝင်းထဲတွင်  အောက် တိုဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၆ မိနစ်အချိန် ပစ်ခတ်မှုဖြစ်ပွားပြီး ကားတစ်စီးကို စစ်ကောင်စီ အရပ်ဝတ်စစ်သားများ လိုက်ပါသော ကား ၂ စီးက ညှပ်၍ ပစ်ခတ် ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရရှိသူများက ပြောသည်။

·         ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ကညင်ငူရွာ ကားမှတ်တိုင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီကား တစီး ယမန်နေ့ အောက်တိုဘာလ ၂၄ ရက် ညနေ ၆ နာရီဝန်းကျင်၌ ပုသိမ်ခရိုင် မြို့ပြပြောက်ကျားတပ်ဖွဲ့-PSTF က ဗုံးပစ်သွင်း ဖောက်ခွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရကာ ပစ်ခတ်ဖမ်းဆီးခံရသဖြင့် PSTF အဖွဲ့ဝင်တစ်ဦး ကျဆုံးသွားကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

·         ဗမာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ကို အခုချိန်မှာ မချေမှုန်းလိုက်နိုင်ပါက အနာဂတ်တွင် အမြစ်ဖြတ်နိုင်ရန် ပိုမိုခက်ခဲသွားနိုင်တာကြောင့် စစ်အာဏာရှင်ကို ဆန့်ကျင်မည့် မည်သည့်အဖွဲ့အစည်းနှင့် မဆို လက်တွဲပြီး အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း  KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပြောသည်။

·         ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ စစ်ရေးလှုပ်ရှားရာ သထုံမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ စကခ (၈) လက်အောက်ခံ ခမရ (၄၀၆)၊ ကရင်နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၁၃ တပ်ခွဲ ၂ ပူးပေါင်းအဖွဲ့နှင့် KNLA တပ်မဟာ ၁ တပ်ဖွဲ့များအကြား အောက်တိုဘာလ ၂၄ ရက် တစ်ရက်အတွင်း ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၄ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရကြောင်း KNU မှ သတင်းထုတ်ပြန်သည်။

·         ကယားပြည်နယ်တွင် လွိုင်ကော်မှ ဖယ်ခုံသို့ ချီတက်လာသော စစ်ကောင်စီတပ်ကို မိုးဗြဲ PDF နှင့် ကရင်နီ ပြည်သူ့ ကာကွယ်ရေးတပ် KNDF BO-3 က ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၅ သုံးသပ်ချက်

·         စစ်ကောင်စီအနေဖြင့် ကုလအတွင်းရေးမှူး၏ အထူးကိုယ်စားလှယ်တင်သွင်းသည့် အစီအရင်ခံစာကို သတင်းတုများအခြေခံပြီးရေးသားထားသည်ဟုဆိုကာ ပယ်ချလိုက်သည်။ယင်းအပြင် အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ခေါင်းဆောင်မတက်ရ၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းကို ဖိတ်ကြား ခြင်းကိုလည်း မတက်ဘူးလို့ တုံ့ပြန်ထားသည်။ယင်းသို့ စစ်ကောင်စီမှ နိုင်ငံတကာက တောင်းဆို ချက်များနှင့် ဆုံးဖြတ်ချက်များကို လစ်လျူရှုခြင်းသည် စစ်အုပ်စုတစ်စုလုံးအတွက် ဆိုးကျိုးကိုသာ သက်ရောက်မည်ကို မသိလောက်အောင်ပင် အာဏာယစ်မူးနေသည်။

·         ယခုတဖန် နိုင်ငံတကာကို လှည့်စားဖို့ တပ်ထောက်ခံပွဲဆိုသည့် လူမိုက်သာသာ အဖွဲ့အစည်းများကို ဆာပွန်စာပေး ပွဲထုတ်လာပြန်သည်။ပြည်သူများ မင်းအောင်လှိုင်ကို ထောက်ခံနေသည်ဟု ပြသရန်ဖြစ်သည်။

·         တဖက်မှာလည်း စစ်တပ်က အကြမ်းဖက်သာသာ လူသတ် ပစ္စည်းလုခြင်းကြောင့် ဖိနှိပ်ခံရသည့် တောင်သူများနှင့် အခြေခံလူတန်းစားပေါင်းစုံက ရရာလက်နက် စွဲကိုင်ကာ တော်လှန်နေကြသည်။

·         ရန်ကုန်လို မြို့ကြီးများတွင်တောင် ရိုးရိုးတန်းတန်းဖမ်းရင် ရပါလျှက်ဖြင့် မတရားရိုက်နှိက် ဖမ်းဆီးခြင်းကြောင့် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ ဒဏ်ရာအကြီးအကျယ်ရထားသည်။ ယင်းကဲ့သို့ ဖြစ်ရပ်များက တစ်ခုတည်းမဟုတ် ဖမ်းခံရသူတိုင်းနီးပါးခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required