ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူနေအိမ် ၈ လုံးအား မီးရှို့ဖျက်ဆီးပြီး အသုံးအဆောင် ပစ္စည်းများ ယူဆောင်သွား

By ပါခွီး
25 October 2021
ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူနေအိမ် ၈ လုံးအား မီးရှို့ဖျက်ဆီးပြီး အသုံးအဆောင် ပစ္စည်းများ ယူဆောင်သွား

အောက်တိုဘာ ၂၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တားရ်ကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ လူနေအိမ် ရှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်‌များပေါ်ရှိ လူ့အသုံးအဆောင်ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဟာခါးမြို့မှ ဖလမ်းမြို့ဘက်သို့ ထွက်ခွာလာပြီး အောက်တိုဘာလ၂၄ ရက်နေ့တွင် တားရ်ကျေးရွာတွင် ညအိပ်ရပ်နားခဲ့ကြသည်။

အောက်တိုဘာ ၂၅ရက် နံနက်ပိုင်းတွင် ရွာမှ မထွက်ခွာမီ နေအိမ် ရှစ်လုံးအားမီးရှို့ခဲ့ပြီး စားသောက်ကုန်များအပြင် လူ့အသုံးအဆောင်များလည်း ယူဆောင်သွားကြကြောင်း ဒေသခံများမှ ပြောသည်။

တားရ်ရွာခံများသည် စစ်ကောင်စီတပ်များ ဝင်ရောက်မလာမီကပင် ရွာကို စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာသွားချိန်မှ ပြန်လာသောအခါ အိမ်များ ဖောက်ထွင်းခံရကာ ပစ္စည်းများ ပျောက်ဆုံးနေသည့်အပြင် အိမ်များကို မီးရှို့သွားကြောင်း သိရခြင်းဖြစ်သည်။

ပျက်စီး ပျောက်ဆုံးသော ပစ္စည်;များ၏ တန်ဖိုးအား လတ်တလောအချိန်တွင် ခန့်မှန်းနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများကပြောသည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များက တားရ်ရွာတွင် သုံးရက် စခန်းချတပ်စွဲထားခဲ့ပြီး နေအိမ် သုံးလုံးကို မီးရှို့ခဲ့သေးသည်။

ဖလမ်းမြို့မှ ဟာခါးမြို့ သို့သွားသည့်လမ်းပေါ်ရှိ ရာလ်သီးရွာ၊ ထလန်ရောန်ရွာ၊ တားရ်ရွာတို့မှ လူနေအိမ် ၃၀ ကျော်ကိုလည်း စစ်ကောင်စီတပ်များက အောက်တိုဘာလ ဒုတိယအပတ်တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့‌သေးသည်။ တားရ်ရွာသည် ဖလမ်းမြို့မှ ၁၄ မိုင်အကွာတွင်တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required