အောက်တိုဘာ ၂၆
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ စျေးကွေ့မှတ်တိုင်အနီးရှိ မှန်ရဝေလမ်းအတွင်းသို့ စစ်ကားနှင့် ရဲကား ၁၀စီးဝန်းကျင်၊ အင်အား ၅၀ ကျော်ဖြင့် ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဝင်ရောက်ရှာဖွေပြီး အမျိုးသားတစ်ဦး၏ ဦးခေါင်းကို မျက်နှာအုပ်သည်အထိခေါင်းစွပ် စွပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖမ်းဆီးခံရသူ၏ ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ ဦးမျိုးသက်ဆွေမှာ ၎င်း၏နေအိမ်၌ပင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သော်လည်း ဖမ်းခံရသည့် အကြောင်းရင်းကို မိသားစုက မသိရှိဟု ဆိုသည်။
"ဘာကိစ္စနဲ့ ဖမ်းတယ်တော့မသိဘူး။ တစ်အိမ်လုံးဝင်ရှာတယ်။ လက်ပ်တော့၊ ခရီးဆောင်အိတ်၊ ကားပါယူသွားတယ်။ ခေါင်းကိုစွပ်ပြီး ခေါ်သွားတာ၊ ဘယ်ကိုခေါ်သွားမှန်းလည်း မသိဘူး"ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
အသက် ၄၀ အရွယ်ခန့်ရှိ ဦးမျိုးသက်ဆွေသည် အိမ်အလှဆင်ခြင်း၊ ကန်ထရိုက်ယူခြင်း စသည့် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။
သို့သော် မျက်နှာအုပ်ကာ စစ်ကားပေါ်သို့ တင်ခေါ်သွားသော ဖမ်းဆီးခံရပုံကိုကြည့်ခြင်းအားဖြင့် စစ်ကြောရေးသို့ ရောက်ရှိနိုင်မည်ဟု ဒေသခံများက ယူဆနေကြသည်။
ယမန်နေ့ညကလည်း ဗဟန်းမြို့နယ် ရွှေဂုံတိုင် Delta အိမ်ယာဝင်းအတွင်းရှိ မြောင်းမြဒေါ်ချို၏ သမီးနှစ်ဦး အဖမ်းခံလိုက်ရပြီး နောက်ဆက်တွဲသတင်းကိုမူ မသိရှိရသေးပေ။