မြောက်ဒဂုံ ၅၀ ကွေ့အနီးတွင် စစ်ကောင်စီတပ်သားများ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေ

မြောက်ဒဂုံ ၅၀ ကွေ့အနီးတွင် စစ်ကောင်စီတပ်သားများ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေ

အောက်တိုဘာ ၂၄

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ၊၅၀ ကွေ့အနီးတွင် အာဏာသိမ်း စစ်ကောင်စီတပ်သားများက ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ခြောက်နာရီအချိန်ခန့်တွင် အင်အားအများအပြားဖြင့် လာရောက်ပြီး မွှေနှောက်ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မြောက်ဒဂုံဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ဘက်သုံးယာဉ်အကြီး အနည်းဆုံးငါးစီးခန့်ဖြင့် အင်အားအများအပြားပါဝင်သော စစ်ကောင်စီတပ်သား များသည် မြောက်ဒဂုံ ၅၀ ကွေ့အနီးတဝိုက်တွင် တစ်နာရီခွဲခန့်ကြာ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ည ခုနှစ်နာရီခွဲအချိန်ခန့်တွင် ပြန်ထွက်သွားသည်ဟု ဒေသခံများက ပြောသည်။

“သူတို့ရောက်တာက ခြောက်နာရီလောက်ကပေါ့။ ခုနှစ်နာရီခွဲလောက်မှာပြန်တယ်ကြားတယ်။ ဘာလာရှာတာလဲတော့ သေချာမသိဘူး။ အနီးနား ဆိုင်တွေကတော့ ဒီနေ့စောစောပိတ်လိုက်တယ်” ဟု မြောက်ဒဂုံဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သားများ မည်သည့်အတွက် လာရောက်မွှေနှောက်ရှာဖွေမှုများ ပြုလုပ်သည့်အကြောင်းနှင့် ဖမ်းဆီးခံရမှု ရှိ၊မရှိ အခြေအနေများကို အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမက ဆက်လက်စုံစမ်း နေဆဲဖြစ်သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီသည် ယမန်နေ့ အောက်တိုဘာ ၂၃ ရက်ညပိုင်းတွင် မြောက်ဒဂုံမြို့နယ်အတွင်း ဖမ်းဆီးခံလိုက်ရပြီး အဆိုပါကွင်းဆက်များကို လာရောက်ဖမ်းဆီးခြင်းလည်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

ယနေ့ နံနက် သုံးနာရီခွဲခန့်ကလည်း မြောက်ဒဂုံ ပင်လုံဆေးရုံနှင့် ပင်လုံအိမ်ရာဝင်းအတွင်း စစ်ကောင်စီတပ်များက ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly