သရက်ချောင်းမြို့နယ်တွင် အမျိုးသား ၃ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က အင်အားသုံးဖမ်းဆီး

သရက်ချောင်းမြို့နယ်တွင် အမျိုးသား ၃ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က အင်အားသုံးဖမ်းဆီး

အောက်တိုဘာ ၂၃

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊သရက်ချောင်းမြို့နယ် ၊ညောင်ဇင်ရွာက အမျိုးသား သုံးဦးကို ယမန်နေ့ အောက်တိုဘာ ၂၂ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က အင်အားသုံးပြီး အကြမ်းဖက် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

လက်နက်အပြည့်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ခန့်သည် ထားဝယ်-မြိတ်ကားလမ်းမကြီးပေါ်မှ ညောင်ဇင်ရွာသို့ ယမန်နေ့ ည ၇နာရီတွင် ရွာထဲသို့ ဝင်ကာ ၎င်းတို့အား ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူသုံးဦးမှာ အသက် ၅၀မှ အသက်၆၀ကြား အရွယ်ရှိ ဦးထွန်းထွန်း၊ ဦးဝင်းဦးနှင့် ဦးဝင်းကျော် တို့ဖြစ်ပြီး ကျေးရွာအတွင်း အနေအေးသူများဖြစ်ကြောင်း လက်ရှိတွင် ၎င်းတို့အား အကြမ်းဖက်စစ်တပ်မှ လာရောက်ဖမ်းဆီးရသည့် အကြောင်းအရင်းကို မသိရကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် အဆိုပါဖမ်းဆီးခံရသူ သုံးဦးတို့၏ နေအိမ်များတွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာ (CCTV)များကိုလည်း ဖြုတ်ယူသွားကြကြောင်း သိရသည်။

ထိုနေ့ ညနက်ပိုင်းအချိန်တွင် ဦးဝင်းဦးတစ်ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦးကို ရိုက်နှက်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

''လာဖမ်းတုန်းက ရွာက ပျူစောထီးတွေက လမ်းပြလိုက်လာကြသေးတယ်။ သူတို့ချင်း ပုဂ္ဂိုလ်ရေး၊ ပါတီရေး ကြည့်မရလို့ မကျေနပ်လို့ဖမ်းခိုင်းပြီး သူတို့နဲ့ပက်သက်တဲ့NLD အဖွဲ့ဝင်တွေရဲ့ နေရာတွေ သိအောင်ဖမ်းပြီး ရိုက်စစ်နေတာဖြစ်မယ်''ဟု ရွာခံတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲ စည်းရုံး‌ရေးကာလအတွင်း NLD ပါတီအောင်နိုင်ရေးအတွက် ဝန်းရံ ထောက်ခံသူများဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly