တရုတ်ချိပ်စ်ပြားထုတ်လုပ်သည့် ကုမ္ပဏီက ဘဏ္ဍာရေးအကျပ်အတည်းအတွက် ရင်းနှီးမြှုပ်နှံသူ ၇ ဦး နှင့် ဆွေးနွေးနေ

တရုတ်ချိပ်စ်ပြားထုတ်လုပ်သည့် ကုမ္ပဏီက ဘဏ္ဍာရေးအကျပ်အတည်းအတွက် ရင်းနှီးမြှုပ်နှံသူ ၇ ဦး နှင့် ဆွေးနွေးနေ

တရုတ်နိုင်ငံမှ ချိပ်စ်ပြား ထုတ်လုပ်သည့် ကုမ္ပဏီ Tsinghua Unigroupသည် ဒေဝါလီခံရနိုင်မည့် အန္တရာယ်နှင့် ရုန်းကန်နေရပြီး အဆိုပါ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည့် အလားအလာရှိသောရင်းနှီးမြှုပ်နှံသူ ၇ ဦး နှင့် ဆွေးနွေးနေသည်။

ကုမ္ပဏီသည် လွန်ခဲ့သည့် ၃ လတိတိက အကြွေးရှင်များ အစည်းအဝေးကို ကျင်းပခဲ့ပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိ အကြွေးများအား မည်သို့ပြန်လည် ပေးဆပ်ရမည်ကို ဆွေးနွေးခဲ့ကြောင်း YICAI ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာက ဖော်ပြခဲ့သည်။

မြီရှင်များ၏ ထောက်ခံမှုကို ရရှိရန် ကုမ္ပဏီသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် မတိုင်မီ လျော်ကြေးငွေ အစီအစဉ်ကို အပြီးသတ်ရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံပိုင် ဘဏ္ဍာရေးဆိုင်ရာ သတင်းစာဖြစ်သည့် Securities Times တွင် ရေးသားထားသည်။

"ရင်းနှီးမြှုပ်နှံသူတွေက ၂၀၂၀ပြည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံထက်မနည်း တန်ဖိုးရှိ ပိုင်ဆိုင်မှု အရပ်ရပ်ကို စာရင်းကို ကြည့်သင့်ပါတယ်" ဟု Tsinghua Unigroup မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Tsinghua Unigroupကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မှတ်ဉာဏ်ချိပ်စ်ပြားများ ထုတ်လုပ်ရေးတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့သော်လည်း အသုံးစရိတ်များပြားမှုက ကုမ္ပဏီကို အကြွေးနွံနစ်စေခဲ့ကြောင်း YICAI ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာက ဖော်ပြခဲ့သည်။

ချိပ်စ်ပြားထုတ်လုပ်သည့်ကုမ္ပဏီသည် ပထမ ၉ လတွင် ဝင်ငွေ ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံကို ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အလားတူကာလထက် ၃၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly