စစ်ကောင်စီ၏ ခရိုင်အုပ်ချုပ်ရေး ကောင်စီဝင် သေနတ်ဖြင့် ၁၀ ချက် ပစ်သတ်ခံရ

စစ်ကောင်စီ၏ ခရိုင်အုပ်ချုပ်ရေး ကောင်စီဝင် သေနတ်ဖြင့် ၁၀ ချက် ပစ်သတ်ခံရ

အောက်တိုဘာ ၂၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် စစ်ကောင်စီ သတင်းပေး ဖြစ်သူ ခရိုင်အုပ်ချုပ်‌ရေး ကောင်စီအဖွဲ့ဝင်၏ ဦးခေါင်းအား သေနတ်ဖြင့် ၁၀ ချက် ပစ်ခတ်ကာ ရှင်းလင်းလိုက်ကြောင်း ထားဝယ်ပြောက်ကျားစစ်ဆင်ရေး တပ်ဖွဲ့(Guerrilla Dawei) ထံက သိရသည်။

ထားဝယ်မြို့၊ သ‌င်္ဘောဆိပ်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဟောင်း အသက် ၅၀ ကျော်အရွယ် ဦးညီညီအောင်အား တလိုင်းထိန်ရပ်ကွက်၊ တရုတ်တန်းလမ်းတွင် ယနေ့ အောက်တိုဘာလ ၂၂ ရက် မနက် ၈ နာရီအချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Guerrilla Dawei တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“သူက အုပ်ချုပ်ရေးမှူးတွေ ဘာတွေခန့်ဖို့ အထက်ကနေ ရွေးချယ်ပေးတဲ့ ခရိုင်ကောင်စီအဖွဲ့ဝင်လို့သိရတယ်။ သူ့ကိုစောင့်ကြည့်နေတာကြာပြီ။ အခွင့်မသာသေးလို့ ဒီနေ့တော့ သူတစ်ယောက်တည်းကားနဲ့ အိမ်ကမောင်းထွက်လာကတည်းက ကျွန်တော်တို့စောင့်ကြည့်နေတာ လူရှင်းတဲ့ တရုတ်တန်းလမ်းမှာ ၁၀ ချက်တိတိ ပစ်ခတ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ဦးညီညီအောင်သည် သေနတ်ဖြင့်ပစ်ခံရသည့် အဆိုပါနေရာတွင်ပင်ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ အခင်းဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်း၏ ရုပ်အလောင်းအား မြို့နယ်ဆေးရုံသို့ သယ်ဆောင်သွားပြီး ထိုမှတစ်ဆင့် ၎င်း၏နေအိမ်သို့ သယ်ဆောင်သွားကြောင်းသိရသည်။

အခင်းဖြစ်ရာ အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်သားများက ဒေသခံ လမ်းသွားလမ်းလာများအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီ လက်ပါးစေ(ဒလန်အကြီးစား) ဦးညီညီအောင်သည် ထားဝယ်မြို့အတွင်း သပိတ်စစ်ကြောင်းများ၊ သပိတ်ခေါင်းဆောင် အများအပြားနှင့် တော်လှန်ရေး သူရဲကောင်းများကို စစ်ကောင်စီမှ အကြမ်းဖက် ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ရန် ထောက်လှမ်း သတင်းပေးနေသည့် အပြင် ရာထူးအာဏာရရှိ ရေးအတွက် စစ်ကောင်စီလက်အောက်ခံ ကိုယ်ကျိုးရှာ အခွင့်အရေးသမားတစ်ဦးဖြစ်ကြောင်း မိမိတို့အနေဖြင့် သတင်းအတိအကျရရှိခြင်း စစ်ဆေးတွေ့ရှိခြင်းတို့ကြောင့် သုတ်သင်ရှင်းလင်းရခြင်းဖြစ်သည်” ဟု Guerrilla Dawei က ယနေ့ အောက်တိုဘာလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

Guerrilla Dawei သည် စစ်ကောင်စီ ထောက်တိုင်များအား ရှင်းလင်းခဲ့ရာ ယခုဦးညီညီအောင်အား လေးယောက်မြောက်အဖြစ် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ သူ့အရင်ကလည်း စစ်တပ်သတင်းပေး နှစ်ယောက်ရယ်၊ ရဲဒုတပ်ကြပ် တစ်ယောက်ရယ်ကို ရှင်းလင်းတာမျိုးလုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပစ္စည်းကောင်းကောင်း မရှိလို့ ဒဏ်ရာရတာမျိုးပဲ ဖြစ်သွားတယ်” ဟု Guerrilla Dawei အဖွဲ့ဝင်ဖြစ်သူက ပြောသည်။

“မိမိအကျိုးစီးပွားအတွက် ပြည်သူလူထု အသက် အိုးအိမ်စည်းစိမ်နှင့် ဖက်ဆစ် ဝါဒတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသော ဒီမိုကရေစီသူရဲကောင်းများအား ထိခိုက်နစ်နာ ဆုံးရှုံးရအောင် လုပ်ဆောင်နေသော အကြမ်းဖက် လုပ်ရပ်များကို မရပ်တန့်ပါက မိမိတို့အနေဖြင့် မိသားစုပါမကျန် ရှင်းလင်းသုတ်သင်မည်ဖြစ်ကြောင်း” Guerrilla Daweiက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly