နိုင်ငံရေးသမားနဲ့ ကိုယ်ကျင့်သီလ

နိုင်ငံရေးသမားနဲ့ ကိုယ်ကျင့်သီလ
၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပြောပွဲတခုတွင် ကြံ့ခိုင်ရေးပါတီ အမတ်များနှင့် ပါတီဝင်များ တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္စျိမ)

မြန်မာစကားပုံများထဲတွင် ပုဂ္ဂိုလ်ခင်မှ တရားမင်သည်ဆိုသည့် စကားပုံ ရှိသည်။ ကောင်းမွန်တဲ့ သူဖြစ်မှ လူကြည်ညိုခံရမည်ဟူသည့် သဘောပင် ဖြစ်သည်။ ဤ စကားပုံနှင့် မြန်မာလူမျိုးများမှာ ရင်းနီးကျွမ်းဝင်လွန်းသည့် စကားပုံ ဖြစ်သည်။ မှန်ပါသည်။ မကောင်းမွန်သည့် လူပုဂ္ဂိုလ်ကိုမူ မည်သူမျှ လေးစားကြည်ညိုကြလိမ့်မည် မဟုတ်ချေ။

ယခုတလော လွှတ်တော်တွင်းက နိုင်ငံရေးပင်စင်ကိစ္စ၊ တိုင်းပြည်သယံဇာတများ ဖြစ်သည့် မြေပေါ် မြေအောက် သယံဇာတများ လက်မလည်အောင် ချနေရောင်းနေသည့် ကိစ္စနှင့် တာဝန် ထမ်းဆောင်နေစဉ်အတွင်း ပြုမူခဲ့သည့် ကိစ္စများအပေါ် တရားစွဲဆိုခွင့်မရှိဟူသည့် အခြေခံဥပဒေဆိုင်ရာ ကြိုးပမ်းမှု သတင်းများကို မိမိတို့အားလုံး စိတ်မချမ်းမြေ့ဖွယ် ကြားနေကြရပါသည်။

လွှတ်တော်အတွင်း လွန်ခဲ့သည့် ငါးနှစ် နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့ပြီးသူ လွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင်သဘော တလုံးတခဲတည်း ထုတ်ပေးရေးသတင်းမှာ နိုင်ငံရေးနယ်ပယ်အတွင်း မယုံကြည်လောက်အောင် ပေါ်ထွက်လာခဲ့သည်။ ယခင်ကလည်း မကြားဘူး၊ မည်သည့် တိုင်းပြည်တွင်မျှလည်း မကြားဘူးသည့်တိုင် မိမိတို့တိုင်းပြည် မိမိတို့လူမျိုးကတော့ ဒိဌလက်တွေ့ မျက်မှောက်ပြုကြရသည့် ကိစ္စကြီး ဖြစ်လာခဲ့သည်။

ထို့ပြင် ယင်းနိုင်ငံရေးပင်စင် တလုံးတခဲတည်း ချီးမြှင့်ခံကြရမည့် ပုဂ္ဂိုလ်များမှာ ရွေးကောက်ပွဲတွင် လူထုက မကြိုက်မနှစ်သက်သဖြင့် မဲမပေးသည့်အတွက် လွှတ်တော်အတွင်းမှ ထွက်ကြရမည့် ပုဂ္ဂိုလ်များ ဖြစ်နေသည့်အခါ ပိုလို့ပင် မယုံကြည်နိုင်အောင် ဖြစ်ကြရသည်။ တိုင်းပြည်အပေါ် တာဝန်မကျေသည့် သူများအဖြစ် ယူဆခံရယုံတင်မက တာဝန်မှပါ ရပ်ဆိုင်းခံရသည့် သဘောရှိသည့် ပုဂ္ဂိုလ်များကို ပင်စင်များ တလုံးတခဲတည်း ထုတ်ပေးသည့်ကိစ္စမှာ လူတွေ ကဲ့ရဲ့ ပြစ်တင်စရာဖြစ်သည့် ကိစ္စပင် ဖြစ်သည်။

ဒါ့အပြင် နိုင်ငံရေးတာဝန်ထမ်းဆောင်ကြသူများ တနည်းအားဖြင့် နိုင်ငံရေးသမားဆိုသည်မှာ အများတကာထက် ပိုပြီး အနစ်နာခံကြရလေ့ ရှိပါသည်။ အမြင့်ဆုံးပြောရလျင် မိမိတို့၏ အသက်အိုးအိမ်ကိုပင် စွန့်လွှတ်ခါ တိုင်းပြည်နှင့် လူမျိုးအကျိုး ဦးစားပေး လုပ်ဆောင်ကြရသူများ ဖြစ်သည်။ လူထု ရှေ့မှ ရပ်ကာ စံပြအဖြစ် အရာရာ ပေးဆပ်နိုင်စွမ်းသူ ပေးဆပ်ချင်စိတ်ရှိသူ ဖြစ်ရပါမည်။ တနည်းအားဖြင့် ပြောရလျင် သူတော်စင်များသာလျင် လုပ်နိုင်သည့် အလုပ်မျိုးအထိ တင်စားပြောဆိုနိုင်သည့် အလုပ်မျိုးဖြစ်သည်။ နိုင်ငံရေးသမားနှင့် ကိုယ်ကျင့်သီလမှာ ခွဲ၍ ကြည့်စကောင်းသည့် ကိစ္စလည်း မဟုတ်ချေ။ ယခုလို အခွင့်အရေးယူ ကိုယ်ကျိုးမကင်းသည့် အကျိုး ခံစားမှုမျိုးကို မျက်စောင်းမျှပင် မထိုးသင့်သည့် ကိစ္စဖြစ်သည်။

နောက်ထပ် သတင်းတစ်ပုဒ် ရှိပါသည်။ အားလုံးသိကြသည့်အတိုင်း တိုင်းပြည့်သယံဇာတများ လူတကာမြင်ကွင်းမှာတင် ပေါ်ပေါ်တင်တင် ချရောင်းနေသည့် ကိစ္စဖြစ်သည်။ ရောင်းလို့ရတာ အကုန်ရောင်းသည့် သဘောအထိ ဖြစ်လာသည်။ ဖားကန့်ဒေသ ကျောက်စိမ်းမြေကို ကမ္ဘာကြီးတစ်ခုလုံးက တအံ့တသြ စောင့်ကြည့်ရလောက်အောင် ရုပ်ပျက်ဆင်းပျက် ချရောင်းနေကြပြန်သည်။ ဒါကလည်း တိုင်းပြည်တာဝန်ရှိသူ နိုင်ငံရေး ဦးဆောင်ပုဂ္ဂိုလ်များတွင် တာဝန်ရှိသည် မှန်သော်ငြားလည်း မည်သူမျှ တွန့်ဆုတ်ရပ်ဆိုင်း ရှက်ရွှံ့သည် မရှိဘဲ ရှေ့သို့သာ ပြောင် ဆက်တိုးနေခဲ့ပြန်သည်။

နောက်ဆုံးတစ်ခုမှာ နိုင်ငံတော် အကြီးအကဲအား တာဝန်ထမ်းဆောင်နေစဉ်အတွင်း တာဝန်အရ ဆောင်ရွက်သည်များအပေါ် တရားစွဲဆိုခွင့် မရှိဟူသည့် ဥပဒေပုဒ်မကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲဖို့ ကြိုးပမ်းလာသည်ကိုလည်း ကြားရပြန်သည်။ သည်လိုဥပဒေမျိုး သည်လိုအခွင့်အရေးမျိုးမှာ မိမိတို့ နိုင်ငံတွင် တစ်ခါဘူးမျှ မကြုံဘူး မကြားဘူးသော သတင်းပင်ဖြစ်သည်။ အတိုင်းတိုင်း အပြည်ပြည် ကြားလို့မှ မသင့်တော်သော သတင်းမျိုး ဖြစ်သည်။

သို့သော်ငြားလည်း အထက်ပါ ကိစ္စရပ်သုံးခုကို မိမိတို့တိုင်းပြည် မိမိတို့လူမျိုးများ လက်တွေ့ မျက်တွေ့ မြင်ရကြားရ လက်ခံရမလို ဖြစ်လာနေပါသည်။ နိဂုံးချုပ်ရလျင် မိမိတို့ လူမျိုးများ ကံမကောင်းခဲ့လေစွဟူ၍သာ ငြီးရမလို ဖြစ်ရပါကြောင်း တင်ပြလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required